မူးယစ်အန္တရယ် ဖြေရှင်းဖို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မူးယစ်အန္တရယ် ဖြေရှင်းဖို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မြန်မာနိုင်ငံ လက်ရှိအခြေအနေတွင် ဥပဒေအရ ပိတ်ပင်ထားသော မူးယစ်ဆေးဝါးများကို သုံးစွဲမှု ပိုမိုတိုးပွားသထက် တိုးပွားလာသည့်အတွက် မြန်မာအစိုးရအနေဖြင့် အချက်ပေးတပ်လှန့်ရမည့် အခြေအနေ ရောက်ရှိ နေသည့်ကို လက်ခံရမည်ဟု ယုံကြည်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. William R. Brownfield ပြောသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ အင်လျားလမ်းရှိ Happy Noodles တွင် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှု စွမ်းဆောင်ရည်အစီအစဉ်မှ အဖွဲ့ဝင်လူငယ်များနှင့် အမေရိကန် လက်ထောက်နိုင်ငံခြား ရေးဝန်ကြီးတို့ တွေ့ဆုံပွဲတွင် မဇ္စျိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

" ဒီမူးယစ်ဆေးဝါးပြသနာတွေ ဖြစ်ပေါ်ကြီးထွားလာတာ ဆယ်စုနှစ်တွေနဲ့ချီပြီး ကြာခဲ့တာမို့ ယုတ္တိကျ ကျ ပြောရမယ်ဆိုရင် အဲဒါတွေကို ဖြေရှင်းဖို့ လည်း နှစ်တွေနဲ့ချီပြီး အချိန်ယူရမှာပါ။ ဒါပေမယ့် အစိုးရနဲ့ အဖွဲ့အစည်းကြီးတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ မူးယစ်ဆေးဝါးအန္တရာယ်နဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင် ဖြေရှင်းသွားမယ်ဆိုတာကို ကတိပေးလုပ်ဆောင်သွားမယ်လို့ ကျွန်တော် တကယ့်ကိုယုံကြည်ပါတယ်။ ဒါဟာ ကျွန််တော် ဒီမှာရှိနေရတဲ့ အကြောင်းရင်းပါပဲ။ ဒါဟာ အခုကျွန်တော် အလည်အပတ်လာရောက် တဲ့ အချိန်မှာ ဆွေးနွေးသွားနိုင်မယ်လို့ မျှော်လင့်တဲ့ အရာပါပဲ" ဟု ဆိုသည်။

အထူးသဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ပိုမိုဖြစ်စေနိုင်သည့် ဘိန်းပင်နှင့် ဘိန်းပန်းစိုက်ပျိုးသည့် နေရာဒေသ များအပေါ် ကြပ်ကြပ်မတ်မတ် လုပ်ဆောင်သွားမည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံသည် ကိုလံဘီယာ၊ အာဖဂန်နစ္စတန်နိုင်ငံများကဲ့သို့ နေရာဒေသများကို ထိန်းချုပ်ရန် ကြိုးစားနေသည့် လက်နက်ကိုင်များ၏ သားကောင်ဖြစ်ကြောင်း၊ အဆိုပါ လက်နက်ကိုင် အဖွဲ့များသည် မူးယစ်ဆေးဝါးကူးသန်း ရောင်းဝယ်သည့် လုပ်ငန်းများကို ကာကွယ်ပေးခြင်း၊ ကိုယ်တိုင် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း Mr. William R. Brownfield ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ ဒေသများထဲတွင် အဆိုပါပြဿနာ အသီးသီးကို ရင်ဆိုင်နေရသည့်အတွက် မြန်မာနိုင်ငံ နှင့် အမေရိကန် နှစ်နိုင်ငံကြား မူးဝါးဆေးဝါးပြဿနာနှင့် ပတ်သက်ပြီး များစွာဆွေးနွေးရန်ရှိကြောင်း၊ အရှေ့ တောင်အာရှနိုင်ငံများနှင့်လည်း အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် အခွင့်အရေးများရှိသကဲ့သို့ ကုလ သမဂ္ဂနှင့် လည်း မူးယစ်ဆေးဝါးပြဿနာများကို ကမ္ဘာတစ်ဝန်းလုံး ရင်ဆိုင်ဖြေရှင်းသွားရန် အစီအစဉ်များ ရှိကြောင်း အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. William R. Brownfield ကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly