မောင်တော ဒုက္ခသည်များကို ကူညီရန် ရခိုင်၊ ပေါက်တောမြို့မှ နေပြည်တော်သို့ စက်ဘီးစီး ပရဟိတလုပ်မည်

မောင်တော ဒုက္ခသည်များကို ကူညီရန် ရခိုင်၊ ပေါက်တောမြို့မှ နေပြည်တော်သို့ စက်ဘီးစီး ပရဟိတလုပ်မည်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ဖြစ်ပွားလျှက်ရှိသည့် အကြမ်းဖက်မှုများ၊ ထိတွေ့တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသည့် ဒေသခံ တိုင်းရင်းသားများအား ထောက်ပံ့ကူညီ   ပေးနိုင်ရေးအတွက် ရခိုင်လူငယ်နှစ်ဦး က ပေါက်တောမြို့မှ နေပြည်တော်သို့ စက်ဘီးစီးကာ ပရဟိတ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူငယ်နှစ်ဦးမှာ ပေါက်တောမြို့ ရပ်ကွက် (၂)မှ ခိုင်ဘိုဘိုနှင့် ရပ်ကွက် (၃) မှ ကျော်မြင့်ဌေးတို့ဖြစ်ပြီး ၎င်းတို့နှစ်ယောက်မှာ နိုဝင်လာလ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပေါက်တောမြို့မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း အမ်းတောင်ကြားလမ်းမှ တစ်ဆင့် မင်းဘူး-မကွေး-တောင်တွင်းကြီးလမ်းမှ နေပြည်တော်သို့ သွားရောက် မည်ဖြစ်ကြောင်းနှင့် အပြန်ခရီးတွင် ရန်ကုန်-ပြည်လမ်း အတိုင်း တောင်ကုတ် တောင်ကြား လမ်းမှ ဝင်ရောက် လာမည်ဖြစ်ကာ အသွားအပြန် ခရီးမှာ ၃၂ ရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်းပြောသည်။

“ဒီခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မောင်တောဖြစ်စဉ်နဲ့ ပါတ်သက်ပြီးတော့ ထောက်ပံ့ကူညီပေးရေးအတွက် လုပ်တာဖြစ်ပါတယ်။ အခြေအနေ ဆိုးရွားနေတဲ့ ကာလမှာ ထွက်ပြေး တိမ်းရှောင်   နေကြရတဲ့ သူတွေအတွက် ကျွန်တော်တို့အနေနဲ့ ပေးကမ်းထောက်ပံ့ပေးနိုင်တာ မရှိဘူး။ ဒါကြောင့် အဲဒီလူတွေကို ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးသွားမှာဖြစ်ပါတယ်။ ခရီးစဉ် တစ်လျှောက်မှာလည်း မောင်တောဖြစ်စဉ်နဲ့ ပါတ်သက်ပြီးတော့ ပြောဆို ဆွေးနွေးမှုတွေပြုလုပ်သွားမှာ ဖြစ်ပါတယ်။”ဟု ခိုင်ဘိုဘိုက ပြောသည်။

၎င်းတို့နှစ်ဦး၏ ခရီးစဉ်အတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် နယ်စပ်ရေးရာ လုံခြံုရေးဝန်ကြီးထံသို့ တင်ပြထားပြီးဖြစ်ကာ အစိုးရအဖွဲ့က ခရီးစဉ်တစ်လျှောက်တွင် လုံခြံုရေးပေးသွားမည်   ဖြစ်ကြောင်း ဆေးဝါးထောက်ပ့ံမှုများကိုလည်း ပေါက်တောမြို့ခံတစ်ဦးက ကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် တစ်ရက်လျှင် မိုင်ပေါင်း ၆၀ ခန့်ကို မောင်းနှင်သွား မည်ဖြစ်ကြောင်းလည်း သူကပြောသည်။

အဆိုပါလူငယ်နှစ်ဦး၏ ခရီးစဉ်မှာ ပေါက်တောမြို့မှ မင်းပြားမြို့သို့ ထွက်ခွာမည်ဖြစ်ကာ ယင်းမှ တစ်ဆင့် ယောချောင်း-အမ်းမြို့မှ မင်းဘူး-မကွေး-တောင်တွင်းကြီး-နေပြည်တော်လမ်းအတိုင်း သွားမည်ဖြစ်ကာ တောင်တွင်းကြီးနှင့် နေပြည်တော် ခရီးတွင် အနည်းဆုံး ရ ရက်ခန့် ကြာမြင့်မည် ဖြစ်ကြောင်းနှင့် အပြန်တွင် နေပြည်တော်မှ ရန်ကုန်သို့ သွားရောက်မည်ဖြစ်သည်။

ထိုမှတဆင့် ရန်ကုန်-ပြည်-တောင်ကုတ်-ပေါက်တောမြို့သို့ ခရီးစဉ်များ ရေးဆွဲထားပြီး အသွားအပြန် မိုင်ပေါင်း တစ်ထောင်ကျော်ခန့် ရှည်လျားကြောင်း အဆိုပါ ပရဟိတလုပ်ငန်း အတွက်   ထောက်ပ့ံလှူဒါန်းလိုသူများ အနေဖြင့် ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းသို့ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ကြောင်း မောင်ကျော်မြင့်ဌေးကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly