ရခိုင်လူငယ်များကို လက်နက်တပ်ဆင်ပေးသည့် သတင်းမှားယွင်းကြောင်း ဗိုလ်ချူပ်အောင်စိုး ငြင်းဆို

ရခိုင်လူငယ်များကို လက်နက်တပ်ဆင်ပေးသည့် သတင်းမှားယွင်းကြောင်း ဗိုလ်ချူပ်အောင်စိုး ငြင်းဆို

တိုက်ခိုက်မှုများ ခံနေရသည့် ရခိုင်နယ်စပ် မောင်တောခရိုင်အတွင်း ရခိုင်လူငယ်များအနေနှင့် မိမိဒေသကို ကာကွယ်လိုလျှင် ဒေသန္တရရဲဖြစ်ခွင့်ပေးပြီး လက်နက်များ တပ်ဆင်ပေးမည်ဟူသည့် သတင်းမှာ မဟုတ်မှန်ကြောင်း လုံခြံုရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်း ကော်မတီဥက္ကဌ ကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

နိုဝင်ဘာ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၁၆) ကို နေပြည်တော်ရှိ   နိုင်ငံတော်သမ္မတ အိမ်တော်တွင် ကျင်းပပြုလုပ်ခဲ့စဉ် ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒေသန္တရရဲတပ်ဖွဲ့” ဖွဲ့စည်းခြင်း နှင့် စပ်လျဉ်း၍ ယင်းသတင်းထွက်ပေါ်နေမှုမှာ မှားယွင်းပါကြောင်း၊ ရခိုင် ပြည်နယ် သာမက အခြား တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဒေသန္တရ ရဲတပ်ဖွဲ့ဟူ၍ ဖွဲ့စည်းရန် မရှိပါ ကြောင်း၊ မြန်မာနိုင်ငံ တဝှမ်း ရဲတပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းရန် ရည် ရွယ်၍ တိုင်းဒေသကြီး/ပြည်နယ် ခုနှစ် ခုတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ရဲတပ်သား အသစ် များစုဆောင်းနို်င်ရေး   ဆောင်ရွက်ရန်သာ ရှိပါကြောင်း” ဗိုလ်ချူပ်အောင်စိုးက ပြောသည်။

ရခိုင်တိုင်းရင်းသားများကို လက်နက်တပ်ဆင်ပေးမည့် သတင်းမှာ အောက်တိုဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ ရခိုင်ပြည်နယ် ဝန်ကြီးချူပ် ဦးညီပု ဦးဆောင်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏   မောင်တော ခရီးစဉ်အတွင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

၎င်းသတင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပိုင် သတင်းမီဒီယာ ရခိုင်ဂေဇက်က အောက်တိုဘာလ ၃၁ ရက်နေ့က “ အနောက်တံခါးကို ကာကွယ်လိုသော ရခိုင်လူငယ်များကို ဒေသန္တရရဲ ဖွဲ့စည်းကာ လက်နက်တပ်ဆင်ပေးမည်”  သတင်းခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။

အဆိုပါ သတင်းတွင် “ မောင်တောခရိုင်အတွင်းမှ ဒေသခံရခိုင်အပါအဝင် တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် ဒေသန္တရဲ တပ်ဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်လိုလျှင် လာရောက် စာရင်းပေးနိုင်ပြီ   ဖြစ်ကြောင်း၊ သင်တန်းဆင်ပြီးလျှင် ရဲတပ်ဖွဲ့ဝင်များနည်းတူ လစာ ၊ ရိက္ခာများကို ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ၊ အသက်အားဖြင့် ၁၈ နှစ်မှနေ ၃၅ ထိ လက်ခံသွားမည်ဖြစ်ကာ သင်တန်းကို   ဝေးဝေးလံလံ မသွားရအောင် စစ်တွေ ( သို့မဟုတ် ) မောင်တောတွင် သင်တန်းပေး သွားမည်ဖြစ်ကြောင်း ၊ သင်တန်းဆင်း သည်နှင့် တပြိင်နှက် မိမိဒေသ ကျေးရွာများတွင် တာဝန်ကျ   ပေးသွားမည်ဖြစ်ကြောင်း ရဲမှူးချုပ် သူရစန်းလွင်က ဆိုသည်။” ဟု ဖော်ပြပါရှိသည်။

အောက်တိုဘာလ ၉ ရက်နေ့က ရခိုင်နယ်စပ် နယ်ခြားစောင့်ရဲဌာနချူပ်နှင့် ရဲစခန်းများ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရပြီးနောက် ရခိုင်မျိုးချစ်ပါတီနှင့် ရခိုင်နိုင်ငံရေးလှုပ်ရှားသူများ၊ ရခိုင်တက်ကြွ လှုပ်ရှားသူများက ဒေသခံ ရခိုင်တိုင်းရင်းသားများကို ပြည်သူ့စစ်ပုံစံဖြင့် လက်နက်တပ်ဆင်ပေးရန်တောင်းဆိုမှုများရှိခဲ့သော်လည်း “အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် စစ်ဆင်ရေးနယ်မြေအဖြစ်   ဆောင်ရွက်နေသည့် ရခိုင်နယ်စပ် မောင်တော ခရိုင်တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများမှ ၎င်းတို့ကို ပြည်သူ့စစ်ပုံစံဖြင့် လက်နက် တပ်ဆင်ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်း”  ကာကွယ်ရေး ဒုတိယ ၀န်ကြီး ဗိုလ်ချူပ် မြင့်နွယ်က အောက်တိုဘာ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းမီဒီယာများကို   ပြောကြားခဲ့ပြီး  ယခုတဖန် နိုဝင်ဘာ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဗိုလ်ချူပ်အောင်စိုးက ထပ်မံအတည်ပြု   ပြောကြားခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly