လေးနှစ်ကြာ ပညာသင်ခွင့် ဆုံးရှုံးနေသည့် ကမန်တိုင်းရင်းသားများ ပညာသင်ကြားခွင့် ပြည်ထောင်စုဝန်ကြီးထံ တင်ပြ

လေးနှစ်ကြာ ပညာသင်ခွင့် ဆုံးရှုံးနေသည့် ကမန်တိုင်းရင်းသားများ ပညာသင်ကြားခွင့် ပြည်ထောင်စုဝန်ကြီးထံ တင်ပြ

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ကမန်လူမျိုးများ နေထိုင်လျက်ရှိသည့် စစ်တွေမြို့မှ သာယာကုန်း၊ သက္ကေပြင် ရွာမ၊ သင်္ကနက်ကျေးရွာများရှိ ကျောင်းသား၊ ကျောင်းသူများမှာ ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခ   နောက်ပိုင်း ပညာဆက်လက်သင်ကြားခွင့်မရှိသည်မှာ (၄) နှစ်ခန့်ကြာမြင့်လာမှုအပေါ် မူလအတိုင်း ပညာသင်ကြားခွင့် ရရှိစေရေး ပညာရေးပြည်ထောင်စုဝန်ကြီးဌာနနှင့် ကမန်အမျိုးသား တိုးတက်ရေးပါတီတို့ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ယင်းဆွေးနွေးမှုကို နိုဝင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပါတီ ဥက္ကဌ ဦးဇော်ဝင်းက ယခုလိုပြောသည်။

“အထက်တန်းကျောင်းသားတွေ ကျောင်းမတက်ရတာကြာပြီ။ လေးနှစ်တောင်ရှိနေပြီပေါ့။ ကျွန်တော်တို့ အကြိမ်ကြိမ်လည်းပြောဖူးပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်တော့နားလည်ပေးလို့ရပါတယ်။ အဲဒီအချိန်က တင်းမာနေတဲ့ အချိန်ပေါ့နော်။ လေးငါးနှစ်လောက်တောင် စာသင်ပျက်သွားမယ်ဆိုတော့ သူတို့ဘဝအတွက်မကောင်းဘူး။”

၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခမတိုင်မီက စစ်တွေမြို့ရှိ အဆိုပါ ကျေးရွာ (၃) ခုမှ ကမန် ကျောင်းသား၊ ကျောင်းသူများမှာ တပ်မတော် မိသားစုများ သင်ကြားနေသည့် အထက (၆) တွင် တက်ရောက်ခဲ့ကြပြီး ပဋိပက္ခအလွန် နောက်ဆက်တွဲ စိုးရိမ်မှုများအတွက် ကျောင်းတက်ရောက်ခွင့်ကို ရုပ်သိမ်းခံခဲ့ရကြောင်း ၎င်းပါတီက ပြောသည်။

စစ်တွေမြို့ရှိ ကမန်ကျောင်းသား၊ ကျောင်းသူများ ပညာဆက်လက်သင်ကြားနိုင်ရေး မြို့နယ် တာဝန်ရှိသူများမှ ပြည်နယ်ထိ အကြိမ်ကြိမ် တွေ့ဆုံ တောင်းဆိုခဲ့ပြီး အဆင်မပြေခဲ့သဖြင့် ယခုတစ်ကြိမ်   ပြည်ထောင်စုအဆင့်သို့ သွားရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ကမန်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ ဦးဇော်ဝင်းက ပြောသည်။

လက်ရှိတွင် စစ်တွေမြို့နယ်အတွင်း ကမန်ကျောင်းသား၊ ကျောင်းသူ (၂၀၀) ခန့်မှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း ၎င်းပါတီက သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly