အိန္ဒိယရေငုပ်သင်္ဘောအား ရေပိုင်နက်ထဲ မဝင်လာအောင် ပါကစ္စတန်ရေတပ်က မောင်းထုတ်

အိန္ဒိယရေငုပ်သင်္ဘောအား ရေပိုင်နက်ထဲ မဝင်လာအောင် ပါကစ္စတန်ရေတပ်က မောင်းထုတ်

ကရာချိ၊ နိုဝင်ဘာ ၁၉ ။               ။ အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံကြား တင်းမာမှုမြင့်တက်နေစဉ်ပါကစ္စတန် ကမ်းလွန်၌ အိန္ဒိယရေငုပ်သင်္ဘောတစ်စီးအား ပါကစ္စတန်ရေတပ်က ထောက်လှမ်းတွေ့ရှိပြီး ၎င်းပိုင်ရေပိုင်နက်အတွင်း မဝင်ရောက်လာရန်အတွက် တားဆီးခဲ့ရကြောင်း နိုဝင်ဘာ ၁၇ ရက်က ထုတ်ပြန်သည်။

ပါကစ္စတန် ကမ်းလွန်တောင်ဖက်တွင် အဆိုပါရေငုပ်သင်္ဘောအား တွေ့ရှိခြင်းဖြစ်ကြောင်း ပါကစ္စတန်ရေတပ်က သတင်းထုတ်ပြန်သည်။

“ဒီနောက်မှာ ရေငုပ်သင်္ဘောက ပါကစ္စတန်ရေတပ် မြင်ကွင်းက ပျောက်အောင် ရှောင်တိမ်းမောင်းနှင်ပေမယ့် ပါကစ္စတန်ရေတပ်သင်္ဘောစုက မျက်ခြည်ပြတ်မခံဘဲ မိမိတို့ရဲ့ ရေပိုင်နက်တွင်းက ရှင်းထုတ်လိုက်နိုင်ပါတယ်။”ဟု အဆိုပါ သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထိုပြင် ပါကစ္စတန်ရေပိုင်နက်အတွင်း ဝင်ရောက်ရန် ကြိုးစားနေသည့် ထိုရေငုပ်သင်္ဘော၏ ဗီဒီယိုပုံရိပ်နှင့် ဓာတ်ပုံများကိုလည်း ထုတ်ပြန်ခဲ့သည်။ အိန္ဒိယရေတပ်ဖက်က ထင်မြင်ချက် ချက်ချင်းပေးခြင်း မရှိသေးပေ။

ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံကြားတွင် နယ်စပ်ဖြတ်ကာ လက်နက်ကြီးကျည်များ ကျရောက်၍ အငြင်းပွားနယ်စပ် တစ်လျှောက်ရှိ အရပ်သားနှင့် စစ်သားများ သေဆုံးရခြင်းကြောင့် ဆက်ဆံရေး တင်းမာလျက်ရှိသည်မှာ လအတန်ကြာ ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags