ရွှေ့ပြောင်းဒုက္ခသည်များကို အမြဲတံခါးဖွင့်ထားဟု ဒူတာတေး ပြော

ရွှေ့ပြောင်းဒုက္ခသည်များကို အမြဲတံခါးဖွင့်ထားဟု ဒူတာတေး ပြော

မနီလာ၊ နိုဝင်ဘာ ၁၈ ။        ။ ဒုက္ခသည်များ အစုလိုက်ပြောင်းရွှေ့ခြင်းတွင် နယ်စပ်များ ပိတ်ထားသည့် အနောက်နိုင်ငံများ၏ သူတော်ကောင်းဟန်ဆောင်မှုကို ပုတ်ခတ်ပြောဆိုကာ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဒုက္ခသည်များအား ၎င်း၏ နိုင်ငံက ကြိုဆိုပြီး တစ်နိုင်ငံလုံး ပြည့်လျှံသည်အထိ လက်ခံသွားမည်ဖြစ်ကြောင်း ပြောလိုက်သည်။

အယ်လ်ဂျာဇီးယားရုပ်သံ၏ နိုဝင်ဘာ ၁၇ ရက်က သတင်းမှတ်တမ်းထုတ်လွှင့်မှုတွင် ဒူတာတေးက သွေးထွက်သံယိုများသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအပေါ် ဝေဖန်မှုများအား ပစ်ပစ်နှစ်နှစ်တုံ့ပြန်ကာ အမေရိကန်က ကြီးနိုင်ငယ်ညှင်း အမူအကျင့်ရှိကြောင်း ပြင်းပြင်းထန်ထန်ပြောလိုက်သည်။

ဒူတာတေးက စွပ်စွဲပြောဆိုရာတွင် အမေရိကန်နိုင်ငံက ပိုဆိုးကြောင်း၊ လူ့အခွင့်အရေးစိုးရိမ်ပူပန်မှုက အမေရိကန်နိုင်ငံအတွက်လည်းဖြစ်ကြောင်း၊ ရဲက အပစ်မဲ့ပြည်သူတွေကို ပစ်သတ်ခြင်းများ ဖြစ်နေသည့် နိုင်ငံဖြစ်ကြောင်း ပြောလိုက်သည်။

ဆဲရေးတိုင်းထွာမှုများနှင့် ပြည့်နှက်နေသည့် အင်တာဗျူးများတွင် အသက် ရ၁ နှစ်ရှိ မြို့တော်ဝန်ဟောင်း ဒူတာတေးက တရုတ်နှင့် ရုရှနိုင်ငံတို့ကို လှိုက်လှိုက်လှဲလှဲ ပြောဆိုမှုများရှိသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်အား အလွန်ယဉ်ကျေးသူအဖြစ် လည်းကောင်း၊ ရုရှသမ္မတ ပူတင်အား ရိုးဖြောင့်သူအဖြစ်လည်းကောင်း ပြောဆိုဖူးသည်။

ဥရောပကို အကျပ်ဆိုက်စေသည့် ဒုက္ခသည်များ အစုံလိုက်ရွှေ့ပြောင်းခြင်းများနှင့် ပတ်သက်ပြီး မှတ်ချက်ပေးထားရာတွင်လည်း အနောက်နိုင်ငံများက လိုအပ်ချက်များ လုပ်ဆောင်ရန် ပျက်ကွက်ကြောင်းနှင့် လူဦးရေ သန်း ၁၀၀ ရှိသည့် ဖွ့ံဖြိုးဆဲဖိလစ်ပိုင်နိုင်ငံကတော့ ဒုက္ခသည်များကို လက်ခံလိုစိတ်ရှိနေကြောင်း
ပြောသည်။

“ဒုက္ခသည်တွေ ဖိလစ်ပိုင်ကို အမြဲလာနိုင်တယ်။ ဒီက ကြိုဆိုနေမယ်။ လက်ခံလို့ ရသလောက် အပြည့်လက်ခံသွားမယ်။”ဟု ဒူတာတေးက ပြောသည်။

“ဒါအမှန်ပဲ။ ကျွန်တော်တို့ ဒါကို ကျော်လွှားရမယ်။ သူတို့ကို ကျွန်တော်တို့ဆီ ပို့လိုက်ပါ။ ကျွန်တော်တို့လက်ခံမယ်။ ကျွန်တော်တို့ သူတို့ကို လက်ခံမယ်။ သူတို့ကလည်း လူသားတွေပဲ ဖြစ်ကြတယ်။”ဟု ဒူတာတေးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly