နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးကို လိုလားနေပြီဟု ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်ပြောကြား

နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးကို လိုလားနေပြီဟု ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်ပြောကြား

စစ်တွေ၊ နိုဝင်ဘာ ၁၇ ရက်။                 ။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည့် ပြဿနာများကြောင့် နှစ်ဖက် လူ့အဖွဲ့အစည်းများအကြား တင်းမာမှုများ၊ မယုံကြည်မှုများ ရှိနေကြပြီး မတည်ငြိမ်မှုများအား ဖြေရှင်းပေးနိုင်ရန်အတွက် ယခုနှစ် စက်တင်ဘာလက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်တစ်ရပ်ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ ဖွဲ့စည်းပေးခဲ့သည်။

အဆိုပါကော်မရှင်ကို ကိုဖီအာနန်အပါအဝင် နိုင်ငံခြားပညာရှင်များ၊ ပြည်တွင်းပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ ရခိုင်ပြည်နယ်သို့ ကော်မရှင်အနေဖြင့် ယခုလ နိုဝင်ဘာ ၁၅ ရက်နေ့က ဒုတိယအကြိမ်အဖြစ်ရောက်ရှိလာခဲ့ပြီး စစ်တွေမြို့နယ် အတွင်းရှိ အစ္စလမ်ဒုက္ခသည်စခန်းများ၊ ရခိုင်ဒုက္ခသည်စခန်းများ၊ နှစ်ဖက်လူမှုအဖွဲ့စည်းများ၊ ရပ်မိရပ်ဖက်များနှင့် တွေ့ဆုံဆွေးနွေးမှုများ   ပြုလုပ်ခဲ့သည်။

“ ကျွန်တော်တို့ရောက်တဲ့နေ့က လူငယ်တွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ တွေ့ဆုံပြီးစကားတွေ ပြောဖြစ်ပါတယ်။ အရမ်းအားတက်ဖို့ ကောင်းပါတယ်။ အတိတ်ကိုမမေ့ဘူး။ သင်္ခန်းစာယူရမယ်။ အမျိုးဂုဏ်ဇာတိဂုဏ် ဆိုတာကိုလဲ အသိအမှတ် ပြုပါတယ်။ အတိတ်ရဲ့အရိပ်မည်းတွေအောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတာကိုတွေ့ရပါတယ်။ အနာဂတ်အတွက် စဉ်းစားတဲ့အခါမှာ မတူကွဲပြားမှုကနေ အင်အားအဖြစ်နဲ့ ကွဲပြားခြင်းဟာ မှားနေတာမဟုတ်ဘူး ဆိုတာကို အမျိုးသမီးတွေရော လူငယ်တွေပါ ဒီစိတ်ကလေးတွေရှိနေပါတယ်။ ဒါဟာ ကျွန်တော်တို့ကော်မရှင်အတွက် အကြီးမားဆုံးသော   မျှော်လင့်ချက်လို့ထင်ပါတယ်။ လူ့အဖွဲ့အစည်းနှစ်ခုကြားမှာ အဲဒီခံယူချက်တွေက စိတ်ပိုင်းဆိုင်ရာ ခံယူချက်တွေနဲ့လည်း ဆိုင်ပါတယ်။ သံသယဖြစ်ဖွယ်ရာ စိုးရိမ်ဖွယ်ရာလေးတွေကို ရုပ်ပိုင်းဆိုင်ရအရလည်း ဖြေဖျောက်ပေးနိုင်မှ သဟဇာတဖြစ်လာပြီး၊ ရခိုင်ပြည်ဖွံ့ဖြိုးရေးအတွက် မျှော်လင့်ချက်တွေအများကြီးရှိပါတယ်။ ” ဟု ရခိုင်ပြည်နယ်ရေးရာအကြံပေးကော်မရှင်အဖွဲ့ဝင်၊   မြန်မာနိုင်ငံအစ္စလမ်အသင်းမှ ဦးအေးလွင်က ပြောသည်။

အဆိုပါကော်မရှင်အဖွဲ့အနေဖြင့် ရခိုင်တိုင်းရင်းသားကျေးရွားများ၊ ဘင်္ဂလီကျေးရွာများ၊ IDP ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခဲ့ပြီး လက်ရှိ နေ့စဉ်လှုပ်ရှားမှု အခြေအနေများ၊ လူမှုဘဝရပ်တည်နေကြရသည့် အခြေအနေများကို သွားရောက် လ့လာခဲ့ကြကာ မြင်တွေ့ခဲ့ရသည့် အခြေအနေများနှင့် ပါတ်သက်ပြီး အစိုးရကို အကောင်းဆုံးအကြံပြုချက်များ   ပြုလုပ်နိုင်မည်ဖြစ်ကြောင်းနှင့် လေ့လာရေးများကိုလည်း ဆက်လက်ပြုလုပ်သွားရမည်ဖြစ်ကြောင်း ကော်မရှင်က ပြောသည်။

“ကျွန်မတို့အနေနဲ့ ရခိုင်တိုင်းရင်းသားတွေနေတဲ့ ကျေးရွာတွေကိုသွားပြီးတော့ ဒေသခံတွေနဲ့တွေ့ဆုံတယ်။ သူတို့ရဲ့ အခက်အခဲတွေ၊ လုပ်ကိုင်စားသောက်နေကြရတဲ့ အခြေအနေတွေကို သွားလေ့လာတယ်။ သူတို့ရဲ့ သဘောထားတွေကိုလည်း မေးမြန်းခဲ့ပါတယ်။ အစ္စလမ်ဘာသာဝင်တွေ နေထိုင်တဲ့ ကျေးရွာတွေ၊ IDP စခန်းတွေကိုလည်း သွားခဲ့ပါတယ်။ တစ်ချို့နေရာတွေမှာ စီးပွားရေးအရ ကောင်းမွန်တဲ့သဘော ရှိတာတွေကိုလည်း သိရပါတယ်။ သူတို့ အစ္စလမ်တွေဘက်က ဖြစ်စေချင်တာတွေကိုလည်း ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။ အမျိုးသမီးတွေ၊ လူငယ်အဖွဲ့တွေနဲ့လည်း ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။ အန်တီတို့ကော်မရှင်အနေနဲ့ ခါတိုင်းလူကြီးတွေ ပြောနေသလို မဟုတ်ဘဲ လူငယ်တွေရဲ့ သဘောထားတွေကို ကွဲကွဲပြားပြား မြင်လိုက်ရတဲ့အခါမှာ တော်တော်လေး စိတ်ဝင်စားကြပါတယ်။ လူငယ်တွေရဲ့ အမြင်တွေကိုလည်း အန်တီတို့ဘက်က လေးစားပါတယ်။” ဟု ရခိုင်ပြည်နယ်ရေးရာ အကြံပေး ကော်မရှင်အဖွဲ့ဝင်၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဒေါ်စောခင်တင့်က ပြောသည်။

ယင်းအပြင် ရခိုင်ပြည်သူများအနေဖြင့် ကော်မရှင်အပေါ် ကန့်ကွက်မှုများ၊ ဝေဖန်မှုများရှိနေကြသည့် အပေါ်တွင်လည်း ဒီမိုကရေစီ နည်းလမ်းအရ လူတိုင်းကြိုက်ရမည်၊ လက်ခံရမည်ဆိုသည့် သဘောထားမျိုးကို မထားကြောင်း ကွဲလွဲပိုင်ခွင့် ရှိကြောင်း၊ ကော်မရှင်အနေဖြင့် ခံယူကြောင်းနှင့် ကော်မရှင်အနေဖြင့်လည်း ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မည်ကဲ့သို့သော အကြံအညာဏ်များကိုပေးရန် လိုအပ်သည်ကိုသာ လိုချင်ကြောင်း  ကော်မရှင်က ပြောသည်။

“နှစ်ဖက်အုပ်စုကြားမှာ တစ်ဖက်ဖက်ကမကျေနပ်ဘဲ ငြိမ်းချမ်းရေးယူရမယ်ဆိုရင် အောင်မြင်နိုင်မှာမဟုတ်ဘူး။ ဒါ ကျွန်တော့် ကိုယ်ပိုင်အမြင်ပဲ။ အဲတော့ နှစ်ဖက်စလုံးကိုက ကျေကျေနပ်နပ်ကြီးဖြစ်နိုင်မယ့် အဖြေတစ်ခုကို အငြင်းပွားဖွယ်ရာများကို ရှောင်ရှားပြီးတော့ ဘုံဆုံးဖြတ်ချက်တစ်ခုကို အလုပ်လုပ်ကြမယ်ဆိုရင် အဖြေရလာမှာပါ။ ဒါ လူလုပ်လို့ဖြစ်နေတာပါ။ ကျွန်တော်အမြင်ကို ပြောရရင်   သွေးထိုးလှုံ့ဆော်မှုတွေရှိနေတယ်။ အဲဒါတွေကို ပြည်သူတွေ ကြံ့ကြံ့ခံနိုင်ပြီးတော့ ကိုယ်ပိုင်အသိညာဏ်နဲ့ ပိုင်းခြားပြီး သဟဇာတဖြစ်ရေးကို လုပ်မယ်ဆိုရင် လူသားတွေက အောင်မြင်စွာ   ဖြေရှင်းနိုင်မယ်လို့  ယုံကြည်တယ်။” ဟု ဦးအေးလွင်ကပြောသည်။

ကော်မရှင်အနေဖြင့် လာရောက်လေ့လာမှုများပြုလုပ်ခဲ့ရာတွင် နှစ်ဖက်လူအုပ်စုများအတွက် စိုးရိမ်မှုများရှိနေသော်လည်း အမြန်ဆုံးနည်းဖြင့် ငြိမ်းချမ်းရေးကို လိုလားနေကြသူများရှိနေမှုကိုလည်း တီးမိခေါက်မိခဲ့ကြောင်း စစ်တွေမြို့၏ အနေအထားမှာလည်း ယခင်က ထင်ထားခဲ့သည့်အတိုင်း မဟုတ်ဘဲ တည်ငြိမ်သည့် အနေအထားများကိုလည်းတွေ့ရကြောင်း၊ မိမိတို့၏   နေ့စဉ်လုပ်ကိုင်လျှက်ရှိနေသည့် လုပ်ငန်းများအပေါ်တွင် အာရုံစူးစိုက်နေမှုများကို တွေ့ရသည့်အတွက် ကော်မရှင်အနေဖြင့် စိတ်သက်သာရာရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ရေးရာအကြံပေးကော်မရှင်က စစ်တွေခရီးစဉ်တွင် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly