ဦးမျိုးရန်နောင်သိမ်းအား အာမခံပေးခွင့်မရှိကြောင်း ကမာရွတ်တရားရုံး အမိန့်ချ

ဦးမျိုးရန်နောင်သိမ်းအား အာမခံပေးခွင့်မရှိကြောင်း ကမာရွတ်တရားရုံး အမိန့်ချ
ဓာတ်ပုံ - ရဲနိုင် (လောက်ကိုင်)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ။            ။ ဆက်သွယ်ရေးဥပဒေပုဒ်မ  ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသော ဦးမျိုးရန်နောင်သိမ်းကို ကမာရွတ်မြို့နယ်တရားရုံး၌ ပထမအကြိမ် အမှုကို တရားစွဲတင်ရာတွင်   ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယား အပိုဒ် (၅) အရ အာမခံပေးခွင့် မရှိကြောင်း ယနေ့ (နိုဝင်ဘာ ၁၇ ရက်တွင်) တရားရုံးက အမိန့်ချမှတ် လိုက်သည်။

"ဒီနေ့ ဦးမျိုးရန်နောင်သိမ်းအမှုကို ရဲကနေပြီးတော့ တရားဝင်ပေါ့လေ။ အမှုစွဲတင်တယ်ပေါ့။ စွဲတင်တဲ့နေရာမှာ သူရမန်ယူတုန်းကတော့ တိုင်တာကတော့ လှိုင်ရဲစခန်းမှာ တိုင်တယ်။ ယမန်ယူတာကတော့ လှိုင်တရားရုံးမှာ ယူတယ်။ ဒါပေမယ့်အမှုကို တရားစွဲတင်တဲ့အခါကျတော့ ကမာရွတ်တရားရုံးတရားရုံးမှာ လာပြီးတော့စွဲတင်တယ်။ ဒီနေ့ကစပြီးတော့ ပထမဆုံး ရုံးချိန်းပေါ့။ ကျွန်တော်တို့က ဦးမျိုးရန်နောင်သိမ်း ဘက်ကနေပြီးတော့ အာမခံလျှောက်တယ်။ အာမခံလျှောက်တဲ့ အခါမှာ တရားသူကြီးက အာမခံမရတဲ့ ပုဒ်မဖြစ်တဲ့အတွက်ကြောင့် ပယ်လိုက်တယ်။ ဒီအမိန့်ကို ကျွန်တော်တို့က မကျေနပ်ဘူး။ ဒီလိုပုဒ်မမျိုးတွေကို အာမခံပေးထားတာ အများကြီးပဲ။ ဒါကြောင့် တရားရုံးက ဒီလိုအကြောင်းပြချက်ကို ကျွန်တော်တို့ လက်မခံဘူး။ ခရိုင်တရားရုံးကို တက်ဖို့အတွက် ကာယကံရှင်နဲ့ စီစဉ်ပြီးတော့ ဆက်ပြီး လုပ်ဆောင်သွားပါမယ်။" ဟု အထက်တန်း တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

၎င်းအမှုအား လာမည့် ရုံးချိန်းကို နိုဝင်ဘာ ၂၅ရက်နေ့တွင် ကမာရွတ်မြို့နယ်တရားရုံးက ချိန်းဆိုထားသည်။

ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသန လမ်းညွှန် အဖွဲ့အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒု ဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြု၍ အောက်တိုဘာလ ၃၁ ရက်တွင် လှိုင်မြို့နယ် ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ဦးမျိုးရန်နောင်သိမ်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဝေဖန်သည့် ရေးသားချက်များကို ဆိုရှယ်မီဒီယာ တွင် တင်သည်ဟု ဆိုကာ တရားလိုပြုလုပ်ပြီး အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly