ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ပျက်စီး လယ်ယာမြေလျော်ကြေးရရှိရေး ညှိနှိုင်းနေဆဲ

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ပျက်စီး လယ်ယာမြေလျော်ကြေးရရှိရေး ညှိနှိုင်းနေဆဲ
ဓာတ်ပုံ - RiA

စစ်တွေ၊ နိုဝင်ဘာ ၁၇ ရက် ။            ။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထိ ရခိုင်မှ သွယ်တန်းထားသည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွင် ကျောက်ဖြူမြို့နယ်မှ လယ်မြေပျက်စီးဆုံးရှုံးမှုများ အတွက် လျော်ကြေးရရှိရေး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ တရုတ်ကုမ္ပဏီ CNPC တို့မှ ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၆ ရက်နေ့တွင် လယ်မြေပိုင်ရှင်များက ဆန္ဒပြတောင်းဆိုရန် စီစဉ်ခဲ့မှုကို MOGE နှင့် CNPC မှ လာရောက် တွေ့ဆုံခဲ့ပြီး ဒေသခံ (၂၁) ဦး၏ လယ်မြေဆုံးရှုံးမှုများ အတွက် လျော်ကြေးငွေ ရရှိနိုင်စေရန် နေပြည်တော် ရုံးချူပ်မှ တာဝန်ရှိသူများကို ဆွေးနွေး တင်ပြမည် ဖြစ်ကြောင်းနှင့် ဆန္ဒပြမှုကို မပြုလုပ်ရန် တောင်းဆိုခဲ့သည်။

 “ကျွန်မတို့က ပျက်စီးသွားတဲ့ လယ်မြေတွေ အတွက် ဒီဇင်ဘာပထမအပတ်အတွင်းထိ လျော်ကြေးငွေ ရရှိရေးကို စောင့်မယ်၊ ဘာကြောင့်လဲဆိုရင် ကျွန်မတို့အနေနဲ့ ဒီလယ်မြေတွေကို နွေရာသီမတိုင်မီ စိုက်ပျိုးမြေအဖြစ် ပြန်ပြီး အသုံးချဖို့လိုတယ်၊ ခုက ဒီမြေတွေကို ကျမတို့ ဒီအတိုင်း ထားထားရတယ်။” ဟု လယ်သမားကိုယ်စားလှယ်အဖြစ် MOGE ၊ CNPC တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သူ မကြည်ကြည်နှင်းက ပြောသည်။

ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးမြေများ၏ သီးနှံလျော်ကြေးအဖြစ် တစ်ဧကလျှင် ကျပ် သုံးသိန်းခွဲနှုန်းထားဖြင့် ပြီးခဲ့သည့် (၂၀၁၂) ခုနှစ်မှ (၂၀၁၄) ခုနှစ်ထိ ဆက်တိုက်ရရှိခဲ့ပြီး (၂၀၁၅) ခုနှစ်မှ လျော်ကြေးမရရှိသေးကြခြင်း ဖြစ်သည်။

“အခု ကျမတို့တောင်းဆိုလိုက်တာကာ ငွေကြေးထက် လယ်မြေတွေကို ပြန်ပြီးပြုပြင်ပေးပေါ့။ ခုက ကျမတို့ စိုက်ပျိုးရာသီကျရင် ပြန်ပြီး စိုက်ပျိုးကြဖို့လိုတယ်။ ကိုယ့်လယ်ကိုယ်ပဲပြန်ပြီး လုပ်ချင်တယ်ပေါ့။” မကြည်ကြည်နှင်းက ပြောသည်။

ပျက်စီးလယ်မြေများနှင့် ပတ်သက်ပြီး ဆန္ဒပြတောင်းဆိုမှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း လယ်သမားများ တောင်းဆိုသည့်အတိုင်း မရရှိခဲ့ကြသဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ဆန္ဒဖော်ထုတ်ရန် ပြည်နယ်ဝန်ကြီးချူပ်သို့ လိပ်မူပြီး တိုင်ကြားစာများ ပေးပို့ထားပြီး ဖြစ်ကြောင်း မဒေးကျွန်း ကျေးလက်ဒေသဖွံ့ဖြိုးအသင်းမှ သိရသည်။

ပျက်စီးသွားသည့် လယ်ယာမြေဧကမှာ ၁၈ ဧကကျော်ရှိပြီး ကျောက်ဖြူမြို့နယ် ဂုံးချိန်၊ အုံးကျွန်း၊ ကလဘာ အုပ်စုမှ လယ်သမား ၂၁ ဦး ပိုင်ဆိုင်သည့် လယ်မြေများ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly