ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင်နေထိုင်ရေး စာရွက်စာတမ်း လုပ်ဆောင်ရာတွင် မတရားအမြတ်ထုတ်ခံရမှုများ ရှိနေဟု MWRN ပြော

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင်နေထိုင်ရေး စာရွက်စာတမ်း လုပ်ဆောင်ရာတွင် မတရားအမြတ်ထုတ်ခံရမှုများ ရှိနေဟု MWRN ပြော

ချင်းမိုင်၊ နိုဝင်ဘာ ၁၇ ။              ။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင်နေထိုင်ခွင့်ရရန် စာရွက်စာတမ်းများ ဆောင်ရွက်ရာတွင် ပွဲစားများက မတရားအမြတ်ထုတ်မှုများ၊ အာဏာပိုင်များက အခွင့်အရေးချိုးဖောက်မှုများ စသည့် မတရားအမြတ်ထုတ်မှုများကို အစိုးရက ကာကွယ်ပေးရန် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်(MWRN) က ထုတ်ပြန်လိုက်သည်။

“အဓိက ကျနော်တို့ ရည်ရွယ်ချက်က ရွှေ့ပြောင်းအလုပ်သမားတွေကနေမှ တရားဝင် စာရွက်စာတမ်းထုတ်တဲ့ကိစ္စတွေမှာ နိုင်ငံတော် အစိုးရက တရားဝင် ပေးသွင်းတဲ့ ငွေကြေးထက် ပိုမိုပြီးတော့   ပေးဆောင်နေတာတွေ ပြောချင်တာ ဖြစ်ပါတယ်။ အဲဒီလို ပေးနေရမယ်ဆိုရင် မြန်မာနိုင်ငံသားတွေက သန်းနဲ့ချီပြီးရှိတဲ့အတွက်ကြောင့် မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ များနေတာကို   နိုင်ငံတော်အစိုးရ သိရှိပြီး အချိန်နဲ့ တပြေးညီတားဆီးနိုင်ဖို့ ထုတ်ဖော်ခြင်းဖြစ်ပါတယ်”ဟု MWRN မှ ဒုဥက္ကဌ ဦးအောင်ကျော်က ပြောသည်။

နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားရာတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးကောင်တာသို့ တိုက်ရိုက်လျှောက်လွှာ တင်ခွင့်မရဘဲ ပွဲစားများမှတဆင့် လျှောက်လွှာလက်ခံခဲ့ရာ ယင်းပွဲစားက လျှာက်လွှာခအဖြစ် တစ်ဦးလျှင် ဘတ် ၃၀၀ ကောက်ယူခဲ့သည်ဟု သိရသည်။

၂၀၀၉ ခုနှစ်မှစတင်၍ ရွှေ့ပြေင်းအလုပ်သမားများကို နိုင်ငံသားစိစစ်၍ ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရာခဲ့ရာ ထိုင်းအစိုးရကတစ်ဦးလျှင် ဘတ် ၅၅၀ သတ်မှတ်ခဲ့သော်လည်း ဘတ် ၅၀၀၀ မှ ၈၀၀၀ အထိ ပေးဆောင်ခဲ့ရသည်။ ထိုသို့ အပိုပေးဆောင်ရသည်မှာ ရွှေ့ပြောင်း အလုပ်သမား ၁.၇ သန်းကျော်က ဘတ်ငွေသန်းပေါင်း ထောင်နှင့်ချီ ကိုယ်ကျိုးရှာ အမြတ်ထုတ်ခြင်း ခံခဲ့ရသည့် သဘောဖြစ်နေ သည်။

ထို့ပြင် ၂၀၁၄ ခုနှစ်က သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင်လည်း လျှောက်လွှာတင်ခအဖြစ် တစ်ဦးလျှင် ဘတ် ၃၀၀ ကောက်ယူခဲ့သလို၊ နိုင်ငံကူးလက်မှတ် ထုတ်ယူရာတွင်လည်း အစိုးရ သတ်မှတ်စျေး ဘတ် ၁၅၃၀ မှ ဘတ် ၁၆၀၀၊ ၁၇၀၀ ထိ ပေးနေရကြောင်း ဖော်ပြထားသည်။

ယခုချိန်ထိ ခန့်မှန်းစာရင်းများအရ နိုင်ငံကူးလက်မှတ်လျှောက်ထားသူဦးရေ ၂ သိန်းခန့်နှင့် နိုင်ငံကူးလက်မှတ်ရရှိပြီးသူ ၄ သောင်းရှိကြောင်း အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ အာဏာပိုင်နှင့် ပွဲစားတို့က အနည်းဆုံး ဘတ်သန်းပေါင်း ၆၀ ခန့် အမြတ်ထုတ်ကိုယ်ကျိုးရှာသွားပြီဟု ခန့်မှန်းနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကြာမီ မြန်မာရွှေ့ပြောင်းအလုပ်သမာမျးားကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ခေါ် CI ထုတ်ပေးရာတွင်လည်း ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုများ မဖြစ်ပေါ်စေရန် ယခုကဲ့သို့ ထုတ်ဖော်   ပြောဆိုရခြင်း ဖြစ်သည်ဟု ဦးအောင်ကျော်က ပြောသည်။

“အတိတ်မှာလည်း ကျနော်တို့ ခါးသီးစွာခံစားခဲ့ပြီးပြီ။ အနာဂတ်မှာ နှစ်နိုင်ငံသဘောတူ လက်မှတ်ထိုးပြီးသားဖြစ်နေတယ်။ CI ကဒ်လည်း မကြာခင်လုပ်တော့မယ်။ အဲဒီလို လုပ်ကိုင်ရတဲ့အခါမှာလည်း ဘယ်လိုထပ်ပြီး အမြတ်ထုတ်ခံရအုန်းမှာလဲဆိုတာကို အင်မတန် စိုးရိမ်ပူပန်တဲ့အတွက်ကြောင့် ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်”ဟု သူက ပြောသည်။

အဆိုပါ CI လက်မှတ်ထုတ်ပေးရန် ရွှေ့ပြောင်း အလုပ်သမား တစ်ဦးလျှင် ဘတ် ၄၀၀ ခန့် ကုန်ကျမည် ဖြစ်သည်ဟု သတ်မှတ်ထားသော်လည်း ပွဲစားများမှ ပိုမိုပြီး ပေးဆောင်ရမည်ကို စိုးရိမ်မှုများ ရှိနေသည်။

ယခုကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများအား ခေါင်းပုံဖြတ် အမြတ်ထုတ်မှေုများ မခံရစေရန်၊ နိုင်ငံကူးလက်မှတ်ပေးရာတွင် လျင်မြန်ချောမွေ့စေရန်နှင့် CI လက်မှတ်ထုတ်ပေးပါက ထပ်မံ ခေါငး်ပုံဖြတ်ခြင်းများ မရှိစေရန် စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly