ရခိုင်တွင် ရွှေ့ပြောင်းသွားလာခြင်းကို တားဆီးပိတ်ပင်ခြင်းမပြုရန် ILO ပြော

ရခိုင်တွင် ရွှေ့ပြောင်းသွားလာခြင်းကို တားဆီးပိတ်ပင်ခြင်းမပြုရန် ILO ပြော

စစ်တွေ၊ နိုဝင်ဘာ ၁၇ ရက် ။              ။ ရခိုင်ပြည်နယ်သည် ဆင်းရဲမွဲတေမှုများ၊ အလုပ်လက်မဲ့ ပြဿနာများနှင့် ရင်ဆိုင် ကြံုတွေ့နေကြရသည့် ဒေသတစ်ခုဖြစ်သဖြင့် အလုပ်အကိုင်ရရှိရေးအတွက်   ပြည်တွင်း၌သာမက ပြည်ပ နိုင်ငံများသို့ပါ ရွှေ့ပြောင်းသွားလာနေကြသည့် ပမာဏမှာ နှစ်စဉ်မြင့်မားလာနေသည်။

ရွှေ့ပြောင်းသွားလာသူများကို ပိတ်ပင်တားဆီးလိုက်ပါက အလုပ်လက်မဲ့ ဒေသခံများအား ပုံမှန်မဟုတ်သည့် လမ်းကြောင်းများမှ သွားလာရန်အတွက် တွန်းအားပေးလိုက်သလို ဖြစ်သွားမည်ဖြစ်ကြောင်း ILO ၏ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံကိန်း၊ နည်းပညာအကြံပေးအရာရှိချုပ် Mis Jackie Pollock က ပြောသည်။

“လူတွေက အလုပ်မရှိဘူး။ ဒီလိုရွေ့ပြောင်းသွားလာမှုတွေကို ထပ်ပြီးတော့ ပိတ်ပင်ခံရမယ်ဆိုရင် ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းတွေက ထွက်ခွာဖို့ ကြိုးစားလာလိမ့်မယ်။ ဒီအခါ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေမရှိတော့ဘဲ အန္တရာယ်တွေကို ကြုံတွေ့နိုင်ပါတယ်။”

ရွှေ့ပြောင်းသွားလာမှုကို လျော့ချမည့်အစား ဒေသတွင်း အလုပ်အကိုင်သစ်များ၊ နည်းလမ်းသစ်များ ရှာဖွေပေးပြီး အခွင့်အလမ်းများ ပိုမိုကောင်းမွန် တိုးတက်စေနိုင်မည့် အပိုင်းကို ပြုလုပ်ပေးမည်ဆိုပါက နေရပ်စွန့်ခွာသူများ နည်းပါးလာမည့်ဟုလည်း ILO က ပြောသည်။

ယင်းအပြင် ပြည်တွင်းအလုပ်အကိုင်များအနေနှင့်လည်း ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်ခြင်း၊ ဘဝရပ်တည်ရေးအတွက် လုံလောက်သည့် လုပ်ခလစာ လုံလုံလောက်လောက်ရရှိခြင်း များကို ပြုလုပ်ပေးရန် လိုအပ်နေဆဲဖြစ်ကြောင်း Mis Jackie Pollock က အကြံပြုသည်။

ရခိုင်ပြည်နယ်မှ ပြည်ပကို ထွက်ခွာအလုပ်လုပ်ကိုင်မည့် ရွေ့ပြောင်းများကို ကြိုတင်အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိနေပြီး အထူးသဖြင့် ထိုင်း၊ မလေးရှား နိုင်ငံများသို့ ထွက်ခွာမှုရှိကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ကိုယ့်ဒေသကနေ ပြင်ပကို ထွက်ခွာပြီးမသွားရင်တော့ အကောင်းဆုံးလို့မြင့်ပါတယ်။ ဒေသအခြေအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်နည်းပါးတဲ့အတွက်ကြောင့်မို့လို့ ဝင်ငွေအားဖြင့်လဲ ကွာခြားမှုရှိနေတဲ့အတွက်ကြောင့် သွားနေကြတဲ့သဘောရှိပါတယ်။ ပြည်ပကို ထွက်ခွာသွားကြတဲ့သူတွေထဲမှာ ကျွမ်းကျင် လုပ်သားတွေထွက်ခွာသွားတဲ့အခါမှာတော့ သာမာန်လူထွက်သွားတာထက် ဒေသစီးပွားရေးတွေကိုလည်း ထိခိုက်မှုတွေရှိနေပါတယ်။” ဟု အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောသည်။

ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာလုပ်ကိုင်နေကြသူများ အနေဖြင့် မိမိနေရပ်သို့ ပြန်လည် ဝင်ရောက်လာခဲ့သည့် အချိန်တွင် ကျွမ်းကျင်သည့် အတတ်ပညာများ၊ အတွေ့အကြံုများကို လေ့လာသင်ယူလာရန် လိုအပ်ပြီး ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို ပြန်လည်ထူထောင်မှုများတွင် ပါဝင်ဆောင်ရွက်ရန်အတွက် များစွာအရေးကြီးကြောင်း၊ လက်ရှိတွင် ပြည်ပသို့ ထွက်ခွာ သွားလာနေကြခြင်းမှာလည်း အလုပ်အကိုင်ရရှိရေးအတွက် ရွေးချယ်မှုတစ်ခုသာ ဖြစ်ကြောင်း Mis Jackie Pollock က ပြောကြားခဲ့သည်။

လူဦးရေ ၃၁ သိန်းကျော်ခန့်ရှိသည့် ရခိုင်ပြည်နယ်၏ ၃ ဒဿမ ၅၄ ရာခိုင်နှုန်းသည် ဝင်ငွေချို့တဲ့မှု၊ အလုပ်အကိုင်အခွင့်အလမ်း မဖန်တီးပေးနိုင်မှုတို့ကြောင့် နေရပ်စွန့်ခွာ ရွေ့ပြောင်းနေထိုင် ကြရကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly