ချောင်းသာကမ်းခြေတွင် နွားလှည်း၊ မြင်းတို့ဖြင့် စီးပွားရှာခွင့် ပိတ်ပင်

ချောင်းသာကမ်းခြေတွင် နွားလှည်း၊ မြင်းတို့ဖြင့် စီးပွားရှာခွင့် ပိတ်ပင်

အများပြည်သူများ အပန်းဖြေရာ ချောင်းသာကမ်းခြေတွင် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ သက်ဆိုင်ရာ အာဏာပိုင်များမှ ဒေသန္တရအမိန့်ထုတ်ကာ ကမ်းခြေစျေးရောင်းချသူများ၊ နွားလှည်းနှင့်   မြင်းဖြင့်ရှာဖွေ စားသောက်သူများအား တားဆီးပိတ်ပင်ထားကြောင်းသိရသည်။

ကမ်းခြေတွင် အမှိုက်များနှင့် အညစ်အကြေး များပြားလွန်း၍ ဟုဆိုကာ ယခုကဲ့သို့ ပိတ်ပင်ရခြင်းဖြစ်သည်ဟု ကျေးရွာနှင့် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှတာဝန်ရှိသူက ပြောကြားသည်။

" ကျွန်တော်တို့မှာ ကမ်းခြေလုပ်ဖို့ဆိုပြီး အုန်းခြံအသိမ်းခံရတယ်။ ပိုက်ဆွဲစားတော့လည်း ပိုက်ဆွွဲဖို့ခွင့်မပြု၊ အခုလို နွားလှည်းမောင်း၊ မြင်းမောင်းစားပြန်တော့လည်း ခုလိုတားဆီးတယ်ဆိုတော့ ကျွန်တော်တို့ မိသားစုဘဝ ရပ်တည်ဖို့ တော်တော်ခက်ခက်ခဲခဲ ဖြစ်နေတယ်။ လိုအပ်သလို အခွန်ဆောင်ပါဆိုလည်း ကျွန်တော်တို့ ဆောင်ပေးမှာပါ။ အညစ်အကြေးတွေကို စနစ်တကျ သိမ်းဆည်းပေးရမယ်ဆိုလည်း အကုန်လုပ်ပေးပါမယ်။ ခုဆိုမြင်းသမားတွေထဲက သုံးယောက်ကို တရားစွဲခံထားရတယ်"ဟု ချောင်းသာကျေးရွာ အမှတ်၅ရပ်ကွက်တွင် နေထိုင်သူ ဦးကိုလေးက ပြောသည်။

ချောင်းသာကမ်းခြေတွင် စျေးသည်များ စျေးရောင်းချမှု ရပ်ဆိုင်းခံထားရတာကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေတာကြောင့် နိုဝင်ဘာလ ၁၆ရက်နေ့တွင် ပြန်လည် စျေးရောင်းချမှုပြုလုပ်ရန် စီစဉ်ထားသော်လည်း မြင်းဖြင့်ရှာ ဖွေစားသောက်သူတို့မှာမူ တရားစွဲဆို ခံရမည်ကို စိုးရိမ်ကာ အာဏာပိုင်များ၏ ခွင့်ပြုချက်ရရှိရန် မျှော်လင့်နေကြသည်။

" မြင်းသမားတွေက ရွာခံကနည်းပါတယ်၊ တစ်နယ်က လာစီးပွားရှာကြကများတယ်၊ တစ်ချို့ဆို တစ်ဦးတည်း လေးငါးကောင် ပိုင်တာတောင်ရှိပါတယ်။ ခုဆိုကမ်းခြေမှာ မြင်းအားလုံးပေါင်း ၄၃ ကောင်တောင် ရှိနေပြီဖြစ်လို့ ကမ်းခြေမှာ မြင်းချေးတွေနဲ့ညစ်ပတ်တယ်၊ နိင်ငံခြားသားတွေတောင် မလာကြတော့ဘူး။ မြင်းသမားတွေ အနေနဲ့ စားဝတ်နေရေးခက်ခဲတယ် ဆိုရင်တော့ ရှိတဲ့မြင်းတွေရောင်းချပြီး အလုပ်အကိုင်အခွင့်အလမ်းရ ရှိဖို့ ကူညီပေးသွားပါ့မယ်" ဟု ချောင်းသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly