သက်ငယ်မုဒိန်းမှု သေဒဏ်ပေးရန် စစ်တွေအရပ်ဖက်အဖွဲ့စည်းများ ဆန္ဒဖော်ထုတ်

သက်ငယ်မုဒိန်းမှု သေဒဏ်ပေးရန် စစ်တွေအရပ်ဖက်အဖွဲ့စည်းများ ဆန္ဒဖော်ထုတ်
ဓာတ်ပုံ - မိုးအောင်/RiA

စစ်တွေ၊ နိုဝင်ဘာ ၁၆ ရက် ။              ။ အမျိုးသမီးကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် အဓမ္မပြုကျင့်သူများကို ဥပဒေအရ အရေးယူရာတွင် သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်ပေးဖို့ စစ်တွေမြို့ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း (၁၄) ခုမှ ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့က ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြရာတွင် “ကလေးသူငယ် မုဒိန်းမှု သေဒဏ်၊ ကလေးငယ်များ မုဒိန်းကျင့်ခြင်း ရပ်၊ ရာဇသတ်ကြီး ဥပဒေပုဒ် ၃၇၆ ကို ပြင်ဆင်ရန်” စသည့် ကြွေးကြော်သံပိုစတာများနှင့် သက်ငယ်မုဒိန်းပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး စစ်တွေမြို့၊ ဝကင်္ဘာကွင်းတွင် ဟောပြောပွဲတစ်ရပ်ကိုပါ ပြုလုပ်ခဲ့ကြသည်။

“ ကျွန်မတို့ အနေနဲ့ ကလေးသူငယ် အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေမှာ ထိထိရောက်ရောက် ပြစ်ဒဏ်ပေါ်ပေါက်လာရေးအတွက် တောင်းဆိုကြတာပဲဖြစ်ပါတယ်၊။ အဓိကတော့ ဥပဒေပြုတဲ့သူတွေ သိရှိအောင်ပေါ့၊ ဒိကမ်ပိန်းဟာ သတိပေးချက် အနေနဲ့ ပထမဆုံးအကြိမ်ပါ၊ ထိရောက်တဲ့ ဥပဒေတစ်ရပ်ကို ထွက်ပေါ်စေချင်လို့ တောင်းဆိုတာပဲဖြစ်ပါတယ်။” ဟု အမျိုးသမီးအဖွဲ့ကွန်ရက် အတွင်းရေးမှူး ဒေါ်ဝေဝေထွန်းက ပြောသည်။

လက်ရှိအခြေအနေတွင် ရခိုင်ဒေသ၌ သက်ငယ်မုဒိန်းမှုများ မကြာခဏ ဖြစ်ပေါ်နေပြီး အများစုမှာ မူးယစ်ဆေးဝါးသုံးစွဲမှု၊ အရက်သောက်သုံးနှုန်းမြင့်မားနေမှုတို့နှင့် ဆက်စပ်နေကြောင်း အမျိုးသမီးကွန်ရက် ဒေါ်ညိုအေးက ပြောသည်။

“ အဓိက အကြောင်းအရင်းဟာ စိတ်ကြွဆေးသုံးစွဲတဲ့အခါ လူမဆန်တဲ့ အတွေးတွေဝင်ပြီး ခုလိုဖြစ်သွားကြတာပါပဲ၊ အကြမ်းဖက်တဲ့သူတွေကလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးရင် အဲဒီဥပဒေနဲ့ ပြန်လွတ်လာရော၊ ဒီလို ပုံစံမျိုး မဖြစ်ပွားအောင် ကျမတို့က တောင်းဆိုတာပါ။”

အမျိုးသမီးကလေးသူငယ်များနှင့် ပါတ်သက်ပြီး သက်ငယ် မုဒိန်းမှုများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် လူမှုရေးအရ ကူညီပေးနေသည့် အမျိုးသမီးအဖွဲ့များမှလည်း ကျူးလွန်သူများ၏ ခြိမ်းခြောက်မှုဒဏ်များကို ရင်ဆိုင်နေရကြောင်း ရခိုင်အမျိုးသီးအစည်းအရုံး RWU ဒေါ်စောပုစိန်က ပြောသည်။

“ ကျူးလွန်တဲ့ သူကို ကျမတို့က ထိရောက်တဲ့ ပြစ်ဒဏ်ရရှှိအောင် စောင့်ကြည့်တာရယ်၊ သက်ငယ်မုဒိန်းမှုတွေမှာ ဖော်ထုတ်တိုင်ကြားပေးတာတွေမှာ တချို့သူတွေက မကျေနပ်ပြီး ကျမတို့ကို ခြိမ်းခြောက်ကြတာပါ။”

ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုအတွင်း အမျိုးသမီး အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အမှုပေါင်း ၁၁၀ ကျော်တွေ့ရှိရပြီး ကလေးသူငယ် မုဒိန်းမှုမှာ ယခုနှစ်တွင် ၁၀ မှု ကျော်ရှိကြောင်း တရားဥပဒေပြုစားရေးကွန်ရက် စစ်တွေရုံး၏ မှတ်တမ်းအများအရ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly