မန္တလေး၊ နိုဝင်ဘာ ၁၆ ။ ။ မန္တလေးခရိုင်အတွင်း တောင်းရမ်းစားသောက်သူကလေးများနှင့် ၎င်းတို့၏ နောက်ကွယ်က စေခိုင်းနေသူများကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ဖမ်းဆီးအရေးယူသွားမည်ဟု မန္တလေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူဝန်မှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး နန်းမောက်(စ်)ဆိုင်က မဇ္ဈိမကိုပြောသည်။
"ပညာပေးတာတွေလုပ်နေပါတယ်။ ပညာပေးကာလပြီးရင်တော့ အရေးယူမှုတွေလုပ်သွားပါမယ်။ အဲဒီအတွက်လည်း ပြင်ဆင်မှုလုပ်နေပါတယ်။"ဟု နန်းမောက်(စ်)ဆိုင်ကပြောသည်။
ပညာပေးခြင်းလုပ်ငန်းကို နိုဝင်ဘာလမှစတင်၍ ၂၀၁၇ခုနှစ် ဇန်နဝါရီလထိ မန္တလေးခရိုင်၊ ခြောက်မြို့နယ်အတွင်းတွင် လုပ်ဆောင်သွားမည်ဖြစ်သည်။ ထိုသို့ပညာပေးမှုများဆောင်ရွက်ရာတွင် အဖွဲ့ခြောက်ဖွဲ့ ဖွဲ့၍ဆောင်ရွက်လျက်ရှိနေပြီး အဆိုပါအဖွဲ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးသူငယ်ရဲတပ်ဖွဲ့၊ လူကုန်ကူးတားဆီးနှိမ်နင်းရေးအဖွဲ့ စသည်တို့ ပါဝင်ကြောင်းသိရသည်။
"လူစည်းကားတဲ့နေရာတွေ၊ ကျူးကျော်ရပ်ကွက်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေ အများစုနေထိုင်တဲ့နေရာတွေမှာ ပညာပေးမှုတွေလုပ်နေပါတယ်။ ကလေးငယ်တွေတောင်းရမ်းခိုင်ရင် အရေးယူတော့မယ်ဆိုတဲ့အကြောင်းရယ်။ ဘယ်လိုဥပဒေတွေနဲ့အရေးယူနိုင်တယ်ဆိုတာတွေကို ရှင်းပြပါတယ်။"ဟု နန်းမောက်(စ်)ဆိုင်ကပြောသည်။
ဆက်လက်၍ ၎င်းက"တောင်းရမ်းနေတဲ့ကလေးတွေကို ကျွန်မတို့ ဌာနက ထိန်းသိမ်းမှာပါ။ သူတို့ကို ကျွန်မတို့ပြန်ခွဲမှာပါ။ ပညာရေးဘက်ကိုလား၊ သက်မွေးပညာဘက်ကိုလား စတာတွေလုပ်ပေးမှာပါ။ ပညာရေးအားသန်တဲ့သူက ပညာရေးပေါ့။ သူတို့အတွက် ကျွန်မတို့အများကြီး ကြိုးစားရမှာပါ။ ခိုင်းစေတဲ့သူတွေကတော့ ဥပဒေအတိုင်းပဲဆောင်ရွက်သွားမှာပါ။"ဟုပြောသည်။
မိမိကိုယ်ကျိုးစီးပွားအတွက် ကလေးသူငယ်အား တောင်းရမ်းခိုင်းခြင်း၊ မိမိအုပ်ထိန်းမှုအောက်ရှိ ကလေးသူငယ်တောင်းရမ်းစားသောက်နေသည်ကို တားမြစ်ရန်ပျက်ကွက်ခြင်း၊ မိမိကတောင်းရမ်းစားသောက်ရာတွင် ကလေးသူငယ်ကို တစ်နည်းနည်းဖြင့် အသုံးပြုခြင်းတို့ကို ကလေးသူငယ် ဥပဒေပုဒ်မ ၆၆(က၊ဂ၊ဃ) တို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
လမ်းပေါ်နေကလေးများနှင့် တောင်းရမ်းစားသောက်သူကလေးများ လျော့နည်းပပျောက်ရေးပညာပေး ပိုစတာများကိုလည်း လူစည်ကားရာနေရာများတွင် စိုက်ထူးသွားမှာဖြစ်ပြီး ကလေးသူငယ်များ တောင်းရမ်းစားသောက်နေသည်ကို တွေ့ရှိပါက မန္တလေးတိုင်း လူမှုဝန်ထမ်းဦးစီးဌာန၊ဖုန်း- ၀၉၂၀၁၀၄၄၂၊ မန္တလေးတိုင်းကလေးသူငယ်ရဲတပ်ဖွဲ့၊ ဖုန်း- ၀၉၅၁၉၃၆၃၄၁နှင့် စည်ပင်သန့်ရှင်းရေးဌာန၊ ဖုန်း-၀၉၂၀၀၀၃၁၄ တို့ထံ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်းသိရသည်။