မြိတ်ခရိုင်တွင်း ဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရန် လူထုတွေ့ဆုံပွဲလုပ်

မြိတ်ခရိုင်တွင်း ဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရန် လူထုတွေ့ဆုံပွဲလုပ်
 ကျွန်းစုမြိ့ုနယ် ကျွန်းရတနာခန်းမတွင် စက်ရုံစီမံကိန်းနှင့်ပတ်သက်၍ ကုမ္ပဏီဒါရိုက်တာအတွင်းရေးမှူး ဦးမျိုးအောင်က ရှင်းလင်းပြောကြားစဉ်။  ဓာတ်ပုံ- ဇော်နီ

မြိတ်၊ နို၀င်ဘာ - ၁၅ ။              ။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ လင်မလိုကြီးကျေးရွာအနီးတွင် လျှပ်စစ်ဓာတ်အား မက်ဂါ၀ပ်(၃၀၀)ထုတ် ဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်နိုင်ရန်အတွက် လူထုတွေ့ဆုံပွဲ တစ်ရပ်ကို နိုဝင်ဘာ ၁၅ ရက်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ စက်ရုံတည်ဆောက်ခြင်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘဝထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာကိစ္စများဆောင်ရွက်လျက်ရှိပြီး ဒေသခံများ၏ သဘောထားကိုသိရှိနိုငရန်အတွက် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခြင်းဖြစ်ကြောင်း ယင်းစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဒေသခံကုမ္ပဏီအဖြစ် ပါဝင်မည့် မြိတ်အများ ပိုင်ကော်ပိုရေးရှင်း လီမိတက် ဒါရိုက်တာအဖွဲ့၏ အတွင်းရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။

“ဒေသဖွံ့ဖြိုးဖို့အတွက် လျှပ်စစ်ကမရှိမဖြစ်ကိစ္စဖြစ်ပါတယ်။ လျှပ်စစ်ကိုရယူတဲ့နေရာမှာ ဒေသခံတွေအတွက် ဆုံးကျိုးမဖြစ်စေဘဲ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေနိုင်တဲ့ နည်းပညာများနဲ့   ဆောင်ရွက်သွားဖို့ကို ကတိပြုပါတယ်” ဟု ၎င်းကပြောကြားသည်။

ဓာတ်အားပေးစက်ရုံအဖြစ်တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် အမ်အိုယူ ရေးထိုးခဲ့ပြီး၊ လုပ်ပိုင်ခွင့်ရရှိမည့် ပီပီအေ စာချုပ်ချုပ်ဆိုပြီးသည်နှင့် စီမံကိန်းကို ၂၀၁၇ ဖေဖော်ဝါရီလအတွင်း အမြန်ဆုံး အကောင်အထည်ဖော်သွားမည်ဟု ၎င်းက ထုတ်ဖော်ပြောကြားသည်။

စက်ရုံအတွက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၅၆၅ သန်းကုန်ကျမည်ဟု ခန့်မှန်းထားပြီး ပထမအဆင့်အနေဖြင့် လျှပ်စစ်ဓာတ်အား ၁၅၀ မက်ဂါ၀ပ်ကို ထုတ်လုပ်၍ ကျွန်းစုမြို့နယ်တွင် မက်ဂါဝပ် ၅၀၊ ပထော်ပထက်ကျွန်းတွင် မက်ဂါ၀ပ် ၃၀၊ မြိတ်ဒေသအတွက် မက်ဂါ၀ပ် ရ၀ ဖြန့်ဖြူးပေးသွားရန် ရည်ရွယ်ထားသည်ဟုဆိုသည်။

ထို့အပြင် လျှပ်စစ်ဓာတ်အားခကိုလည်း တစ်ယူနစ် ၁၅၀ ကျပ်ဖြင့် နှစ် ၃၀ စျေးနှုန်းအပြောင်းအလဲ မရှိနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကာ နှစ်စဉ် လုပ်သား ၃၀၀၀၀ ခန့် ခန့်ထားဆောင်ရွက်သွား မည်ဖြစ်ပြီး ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ၂၇၀၀၀ ဦးခန့် လျာထားသည်ဟု ဦးမျိုးအောင်ကဆိုသည်။

ထိုကဲ့သို့ စီမံကိန်းဆိုင်ရာကိစ္စများကို ရှင်းလင်းပြောကြားသွားခဲ့ခြင်းနှင့် ပတ်သက်၍ ဒေသအနေဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်လျက်ရှိသည်မှာ မှန်ကန်သော်လည်း ကတိကဝတ်ဆိုင်ရာများကို မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်ရန်လိုကြောင်း ကျွန်းစုမြို့နယ်ဒေသခံ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ခံ ဦးပိုအင်က မီဒီယာသို့ပြောကြားသည်။

အဆိုပါလူထုတွေ့ဆုံပွဲသို့ ကျွန်းစုမြိ့ုနယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ကျွမ်းကျင်ပညာရှင်များ၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ၊ လင်မလိုကြီးကျေးရွာဒေသခံများတက်ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားကို မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်နှင့် ကိုရီးယားနိုင်ငံအခြေဆိုက် KMPI Consortium Co.ltd တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly