ရခိုင်ကော်မရှင်နှင့် တွေ့ဆုံစဉ် နိုင်ငံသားဖြစ်ခွင့်ကိစ္စ ဒေသနေ မူဆလင်များ တင်ပြ

ရခိုင်ကော်မရှင်နှင့် တွေ့ဆုံစဉ် နိုင်ငံသားဖြစ်ခွင့်ကိစ္စ ဒေသနေ မူဆလင်များ တင်ပြ
ဓာတ်ပုံ - မိုးအောင်/RiA

စစ်တွေ၊ နိုဝင်ဘာ ၁၆ ရက် ။            ။ ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်အဖွဲ့၏ စစ်တွေမြို့ ဒုတိယနေ့ နိုဝင်ဘာ ၁၆ ရက် ခရီးစဉ်တွင် ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခကြောင့် တိမ်းရှောင်နေကြရသည့် ဒေသနေ မူဆလင်များနှင့် တွေ့ဆုံခဲ့သည်။

ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံသားဖြစ်ခွင့် အခြေအနေများတို့ကို ကော်မရှင်အား တင်ပြခဲ့ကြောင်း သဲချောင်းကျေးရွာမှ ဒုက္ခသည် ဦးလှဝင်း က ပြောသည်။

“ခိုးဝင်လာတဲ့ သူတွေကို စိစစ်တဲ့ ဥပဒေပုဒ်မနဲ့ ကျွန်တော်တို့ကို စိစစ်မယ်ဆိုတာ မတရားဘူးလို့ ပြောပါတယ်၊ ကျွန်တော်တို့ လူမျိုးရဲ့ စာရင်းဟာ ၁၉၄၂ ခုနှစ်အထိ ရှိခဲ့တယ်၊ ကျွန်တော်တို့ကို လူမှုရေးရူထောင့်က တင်ပြပေးတာကို လက်ခံပါတယ်၊ ခေတ်အဆက် ကျွန်တော်တို့ မဲထည့်ခွင့် ရခဲ့တယ်၊ ၂၀၀၈ ဥပဒေမှာလည်း ကျွန်တော်တို့ရဲ့ မဲတွေပါတာပဲ။ ခုက ကျွန်တော်မှာ အမျိုးသား မှတ်ပုံတင် ကိုင်ဆောင်ရက်သားနဲ့ မဲထည့်ခွင့်မရဘူးဆိုတာ ကျွန်တော်တင်ပြခဲ့တယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ဒုက္ခသည်စခန်းများအတွင်း ကျန်းမာရေးစောင့်ရှောက်မှု နည်းပါးမှုများအပေါ် ကော်မရှင်အနေနှင့် ထည့်သွင်းစဉ်းစားနိုင်ရန် တင်ပြခဲ့ကြောင်း သူက ထပ်လောင်း ပြောကြားသည်။

“ကျွန်တော်တို့ဆီမှာ ဆေးကုသဆောင်တွေရှိတယ်။ ဒါပေမယ့် လူတွေက တအားများတယ်။ နောက်ထပ် ဆေးကုသဆောင်တွေရရှိဖို့ အကြံပြုပေးပါလို့ ပြောတယ်၊ ကျွန်တော်တို့ မြို့ပေါ်ကို ဆေးကုသသွားမယ်ဆိုရင် ကုန်ကျစရိတ် မြင့်မားတဲ့ အခြေနေတွေကိုလည်း ရှင်းပြလိုက်ပါတယ်။”

ရခိုင်ပြည်နယ်ရေးအရာအကြံပေးကော်မရှင်အနေနှင့် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများမှ အရပ်ဘက်ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံမှုတချို့ ပြုလုပ်ခဲ့သေးသည်။
-

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly