ခရိုင်သုံးခရိုင်မှ ရဲတပ်သားသစ် ၉၉ ဦးဖြင့် လေ့ကျင့်ရေးသင်တန်း မြိတ်တွင် ဖွင့်လှစ်

ခရိုင်သုံးခရိုင်မှ ရဲတပ်သားသစ် ၉၉ ဦးဖြင့် လေ့ကျင့်ရေးသင်တန်း မြိတ်တွင် ဖွင့်လှစ်
သင်တန်းဖွင့်ပွဲတွင် ရဲမှူးကြီးနေမျိုး အဖွင့်အမှာစကား ပြောကြားနေစဉ်။

မြိတ်၊ နိုဝင်ဘာ-၁၆ ။                 ။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်သုံးခရိုင်မှ ရဲတပ်သားသစ် (၉၉)ဦးဖြင့် လေ့ကျင့်ရေးသင်တန်းကို (၄) လကြာ ဖွင့်လှစ်သင်ကြားသွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက နိုဝင်ဘာ (၁၅)ရက်တွင် ပြောကြားသည်။

“ပြည်သူ့ဘဝ လုံခြံုအေးချမ်းလုံခြံုစေဖို့အတွက် ရဲတပ်သားတွေရဲ စွမ်းရည်ပြည့်ဝအောင်ကြိုးစားကြဖို့လိုပါတယ်။ ဒါမှမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ ့ လုပ်ငန်းတာဝန်ကို ကျေပွန်စွာထမ်း ဆောင်နိုင်မှာပါ” ဟု ရဲမှူးကြီးက တိုက်တွန်းပြောကြားခဲ့သည်။

ရဲတပ်သားသစ်လေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၂၉၅/၂၀၁၆-တနရ)သင်တန်းကို မြိတ်မြို့နယ်ကျောက်ဖျာကျေးရွာအုပ်စု၊ အဒွင်းကျေးရွာရှိ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးဟောင်းနေရာတွင် ပြုလုပ်ခဲ့ပြီး အခမ်းအနား၌ ရဲမှူးကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသင်တန်းသို့ မြိတ်ခရိုင်မှ ရဲတပ်သားသစ် (၅၄)ဦး၊ ထားဝယ်ခရိုင်မှ ရဲတပ်သားသစ် (၁၅)ဦးနှင့် ကော့သောင်းခရိုင်မှ ရဲတပ်သားသစ် (၃၀)ဦး စုစုပေါင်း (၉၉)ဦး သင်တန်းသားအဖြစ် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ မြိတ်ခရိုင်ရှိ သက်ဆိုင်ရာဌာနဆိုင်ရာများ ပါဝင်တက်ရောက်ခဲ့ကြပြီး သင်တန်း လေ့ကျင့်ရေးကွင်း အနေအထားများနှင့် သင်တန်းသားများအတွက် စားရေးသောက်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုလေ့လာခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly