မောင်တောအကြမ်းဖက်မှုလေ့လာရေး အစီရင်ခံစာတွင် လုံခြံုရေးကို ရည်ညွှန်းသည့် လေ့လာဖော်ပြမှုများပါရှိ

မောင်တောအကြမ်းဖက်မှုလေ့လာရေး အစီရင်ခံစာတွင် လုံခြံုရေးကို ရည်ညွှန်းသည့် လေ့လာဖော်ပြမှုများပါရှိ

စစ်တွေ၊ နိုဝင်ဘာ ၁၅ ။              ။ မောင်တော အကြမ်းဖက်မှုဖြစ်စဉ်အပေါ်  ရခိုင်ပြည်နယ် လွှတ်တော်သို့ တင်ပြထားသည့် စာတမ်းတွင် လုံခြံုရေး တရားဥပဒေစိုးမိုးရေးနှင့် ဒေသခံတိုင်းရင်းသားများ အစဉ်အမြဲ နေထိုင်ရေး၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်အား အုတ်တံတိုင်းကာရံရေး အစရှိသည့်အချက်များပါကြောင်း မောင်တောအကြမ်းဖက်မှု လေ့လာရေးကော်မတီက သိရသည်။

“မောင်တောရဲ့ ဝေးလံတဲ့နေရာတွေမှာ ကျေးရွာတွေကို လုံခြံုရေးတွေအများအပြား ချပေးသင့်တယ်။ တကယ်လို့ မလုပ် နိုင်ဘူးဆိုမှ ရွာတွေကို တစ်ရက်တစ်ကြိမ် ပုံမှန်ကင်းလှည့်ပေးသင့်ပါတယ်။  ဒီချိန်ဟာ စပါးရိတ်သိမ်းမယ့် ရာသီနဲ့ နီး နေ တဲ့အတွက် ရွာသားတွေ စပါးရိတ်နိုင်အောင်၊ အလုပ်ပုံမှန်လုပ်နိုင်အောင် ကူညီပေးသင့်တယ် ” ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊   မောင်တောအကြမ်းဖက်မှု လေ့လာရေးကော်မတီ ဦးအောင်ဝင်းက ပြောသည်။

အစီရင်ခံစာသည် နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြုစုပြီးစီးခဲ့ပြီဖြစ်ကာ လတ်တလော ဖြစ်ပျက်နေသည့် ဖြစ်စဉ်နောက်ဆက် တွဲများပါ ထပ်မံထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်းနှင့် ဒီဇင်ဘာတွင် အပြီးသတ်ပြုစုမည်ဟု ကော်မတီမှ သိရသည်။

“ ကျွန်တော်တို့ လေ့လာတဲ့အခါ အပိုင်း ၂ ပိုင်းတွေ့ရပါတယ်။ တစ်ပိုင်းက သူတို့လူအခွင့်ရေးတွေ ချိုးဖောက်ခံနေရတယ်။ ဒါကြောင့် ရရာလက်နက်စွဲ ကိုင်တယ်ဆိုပြီး တော်လှန်တယ်ပေါ့။ အဲဒါကို ကမ္ဘာကိုပြချင်တယ်၊ နောက်တစ်ချက်က သမ္မတဦးသိန်းစိန် လက်ထက်က ရိုဟင်ဂျာဆိုတာ မရှိဘူး။ တိတိကျကျ အဖြေထွက်လာပြီးတဲ့နောက်မှာ သူတို့ဟာလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တစ်ဖွဲ့ကို ဖွဲ့တယ်။ အဲဒါဘာကို ရည်ညွန်းသလဲဆိုရင် သူတို့ကို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တစ်ခုအဖြစ် အစိုးရက သိအောင် ရည်ညွန်းနေတာဖြစ်တယ်” ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

မောင်တောဒေသရှိ အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် နေရာများအပါအဝင်၊ ဘူးသီးတောင်၊ ရသေ့တောင် ဒေသများရှိ ကျေးရွာများရှိ ပြည်သူများ၏ ဘဝလုံခြံုမှုများအတွက် ကော်မတီမှ အစီရင်ခံစာပြုစုနေခြင်း ဖြစ်သည်။

မောင်တောအကြမ်းဖက်မှု လေ့လာရေးကော်မတီကို အောက်တိုဘာ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းအစည်းဝေးတွင် ပါတီပေါင်းစုံမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်နယ်စပ် မောင်တောခရိုင်များဖြစ်သော ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များ တွင် အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ နယ်ခြားစောင့် ရဲတပ်ဌာနချူပ်စခန်းများ စီးနင်းတိုက်ခိုက်ခံခဲ့ရပြီး ယနေ့ချိန်ထိ တပ်မတော်မှ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နေရကာ ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိ သည်။

အောက်တိုဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့ထိ ဖြစ်ပွားခဲ့သော နယ်စပ် တိုက်ပွဲများအတွင်း တပ်မတော်မှ အရာရှိ၊ စစ်သည် ရ ဦး ကျဆုံးကာ ၅ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့မှ ၁၀ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့သလို၊ စီးနင်းတိုက်ခိုက်သူများ ဘက်မှ ၆၉ ဦးကို အသေဖမ်းမိပြီး ၂၃၄ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိသူများအနက် ၂၉ ဦးကို ဥပေဒနှင့်အညီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၂၃ ဦးကို အပြစ်မရှိကြောင်း တွေ့ရှိ၍ လွှတ်ပေးခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly