ဖိလစ်ပိုင်မှာ မီးလောင်မှုဖြစ်ပွား၊ အနည်းဆုံး လူ (၃) ဦး သေဆုံးပြီး လူ ၆,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

ဖိလစ်ပိုင်မှာ မီးလောင်မှုဖြစ်ပွား၊ အနည်းဆုံး လူ (၃) ဦး သေဆုံးပြီး လူ ၆,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
(ဓာတ်ပုံ - အီးပီအေ)

မြို့တော် မနီလာရဲ့ အရှေ့ဘက် မယ်ဒါလူယောင်းစီးတီးရှိ လူနေထိုင်ရာ နေရာတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ (၃)ဦး သေဆုံးပြီး လူ (၆,၀၀၀) ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။

တနင်္ဂနွေညက မီးလောင်မှုဟာ အမြင့်ဆုံးအဆင့်အဖြစ် သတ်မှတ်ထားပြီး မီးသတ်တပ်ဖွဲ့က ဒေသစံတော်ချိန် တနင်္လာမနက် ၁၂း၃၀ မှာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ Rappler သတင်းက ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ သုံးဦးထဲမှာ ကလေးငယ်တစ်ဦးပါဝင်တယ်လို့ GMA သတင်းဝက်ဘ်ဆိုက်အရ သိရပါတယ်။

လူနေအိမ် (၅၀၀) ကျော် မီးလောင်ကျွမ်းခဲ့ပြီး မိသားစု စုစုပေါင်း ၁,၄၆၅ (သို့) လူ ၆,၃၈၇ ဦးကို နေရာပြောင်းရွှေ့ချထားခဲ့ပါတယ်။ အဆိုပါမီးဘေးသင့်သူများကို ကျောင်းတွေနှင့် ဘတ်စကတ်ဘောရုံတွေမှာ ယာယီအမိုးအကာများနဲ့ ထားရှိပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ အာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြတယ်လို့ ဆိုပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly