ဂရစ်ဇ်မန်း၏ ခြေထောက်အရိုးကျိုးခြင်း မရှိဟု အက်သလက် အတည်ပြု

ဂရစ်ဇ်မန်း၏ ခြေထောက်အရိုးကျိုးခြင်း မရှိဟု အက်သလက် အတည်ပြု

နိုဝင်ဘာ ၁၄၊ စပိန်  ။            ။ အသင်း၏အဓိက တိုက်စစ်မှူး ဂရစ်ဇ်မန်း၏ခြေထောက်မှာ အရိုးကျိုးခဲ့ခြင်း မရှိကြောင်း အက်သလက်တီကိုအသင်းက အတည်ပြု ပြောဆိုလိုက်သည်။

ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းသည် ပြင်သစ်အသင်းက ဆွီဒင်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ပထမပိုင်း၌ ဘယ်ဘက်ခြေထောက်ဒဏ်ရာရှိခဲ့ပြီး လူစားလဲခဲ့ရသည်။ ထိုဒဏ်ရာကြောင့် ဂရစ်ဇ်မန်းမှာ အိုင်ဗရီကို့စ်အသင်းနှင့် ခြေစမ်းပွဲကစားရမည့် ပြင်သစ်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့သည်။

ဂရစ်ဇ်မန်း၏ဒဏ်ရာကို ဆေးစစ်မှုများပြုလုပ်ခဲ့ပြီးနောက် နာကျင်မှုရှိနေသည့်အတွက် ဆေးကုသမှု ဆက်လက် ခံယူရမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၉ ရက်တွင် ရီးယဲလ်နှင့်ကစားမည့် မက်ဒရစ်ဒါဘီပွဲအမီ   ပြန်လည်သက်သာလာနိုင်သည်ဟု အက်သလက်အသင်းက မျှော်လင့်နေသည်။

‘X-ray ရိုက်ကြည့်ပြီးသွားပါပြီ။ အရိုးကို ထိခိုက်မှု မရှိပါဘူး။ အပြင်ပိုင်းပဲ ထိခိုက်ခဲ့တာပါ။ ပြင်သစ်အသင်းနဲ့ အက်သလက်အသင်းက ဆရာဝန်တွေက ဂရစ်ဇ်မန်းကို မက်ဒရစ်ကိုပြန်ဖို့ အတည်ပြုပါတယ်။ အသင်းက ကျွမ်းကျင်တဲ့ ကြံ့ခိုင်ရေးနည်းပြတွေနဲ့ ဆက်လက်တိုင်ပင်ကုသသွားမှာပါ’ ဟု အက်သလက်တီကိုအသင်းက ကြေညာခဲ့သည်။

ဂရစ်ဇ်မန်းမှာ ရီးယဲလ်နှင့်ပွဲတွင် ပါ၀င်ကစားရန် စိတ်အားထက်သန်နေပြီး ‘ဒဏ်ရာက မပြင်းထန်ပါဘူး။ ဒါပေမဲ့ ရီးယဲလ်နဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေဖို့ မနက်ပိုင်းရော ညပိုင်းမှာပါ လေ့ကျင့်ခန်းတွေ   ပြုလုပ်နေပါတယ်’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly