မြိတ်မြို့ ကမ်းနားလမ်း Sea View ကွန်ဒိုကို ၂၀၁၆ ဒီဇင်ဘာအကုန်၌ စတင်ဆောက်လုပ်မည်

မြိတ်မြို့ ကမ်းနားလမ်း Sea View ကွန်ဒိုကို ၂၀၁၆ ဒီဇင်ဘာအကုန်၌ စတင်ဆောက်လုပ်မည်
မြိတ်မြို့ကမ်းနားလမ်းရှိ sea view ကွန်ဒိုရုံးခန်း၌ ပရဟိတပွဲ Magic 3D Trip ပွဲကျင်းပစဉ်။ ဓာတ်ပုံ - ဇော်နီ

မြိတ်၊ နိုဝင်ဘာ ၁၄ ။            ။ မြိတ်မြို့ ကမ်းနားလမ်းရှိ Sea View ကွန်ဒိုကို လာမည့် ၂၀၁၆ ဒီဇင်ဘာအကုန်၌ စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  South Asia International Inverstment Group PTE  ကုမ္ပဏီမှ တာဝန်ရှိသူ တရုတ်နိုင်ငံသား တစ်ဦးက ပြောသည်။

“စပြီးဆောက်လုပ်မှာကတော့ ဒီဇင်ဘာအကုန်လောက်ပေါ့ ။ ဒါပေမယ့်် ဆောက်လုပ်မယ့် ပစ္စည်းတွေ သယ်ယူတာမှာ အခက်အခဲကြန့်ကြာတာမျိုးကြောင့် ဇန်နဝါရီအစောပိုင််းလောက်လို့လည်း အကြမ်း ဖျင်းခန့်မှန်းထားတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကွန်ဒိုတွင် အဆောက်အအုံ ၁၂ လုံးပါ၀င်မည်ဖြစ်ပြီး အထပ် ၃၂ ထပ် အနေဖြင့် ၈ လုံး၊ ၂၂ ထပ် ၂ လုံးနဲ့ ၂၈ ထပ် ၂ လုံးတို့ပါ၀င်သည်ဟု သိရသည်။

၎င်းစီမံကိန်းအကျယ် ဧရိယာသည် ၁၁ ဒသ၁မ ၈၇ ဧကဖြစ်ပြီး အဆောက်အအုံအပြီး ဆောက်လုပ်မှုမှာ ၅ နှစ်အတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်သော်လည်း မြိတ်မြို့၏ ရာသီဥတု အပေါ်မူတည်ပြီး ကြန့်ကြာမှု အချို့လည်း ရှိနိုင်ကြောင်းလည်း သိရသည်။

လက်ရှိတွင် အဆောက်အုံဆောက်လုပ်မှုနှင့် ပတ်သက်၍ အစိုးရ ခွင့်ပြု ချက်အပြင်် မြိတ်မြို့ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြု ချက်များလည်း ရရှိထားပြီဟုလည်း အဆိုပါ တရုတ်နိုင်ငံသားက ဆိုသည်။

အဆောက်အအုံ၏ အခန်းရောင်းချမှုနှင့် ပတ်သက်၍ ၁ ပေပတ်လည်အတွက် စျေးနှုန်းကို အကြမ်းဖျင်း အမေရိကန် ဒေါ်လာ (၁၁၀) ခန့်မှန်းတွက်ချက်ထားပြီီး လက်ရှိတွင် အဆောက်အအုံ (၄)လုံးကို ပထမဦးဆုံး စတင်ဆောက်လုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

sea view ကွန်ဒို အဆောက်အအုံနမူနာကို ယခု နို၀င်ဘာ ၄ ရက်က ပြသလျက်ရှိပြီး sea view ကွန်ဒို၏ ပရဟိတအစီ အစဉ်အဖြစ် “ကလေးများကို ကြင်နာပါ၊ မိသားစုကို ဂရုစိုက်ပါ ”  MAGIC 3D TRIP အစီအစဉ်တစ်ရပ်ပြသလျက်ရှိပြီး လက်မှတ်ရောင်း ချငွေများကို တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး ပရဟိတ(ကျား)ဂေဟာနှင့် ဗုဓ္ဒဘာသာမိဘမဲ့ မိန်းကလေး ဂေဟာသို့ လှူဒါန်းသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly