ကချင်တွင် သစ်ခိုးထုတ်သည့် တရုတ် ၁၅၀ ကျော်ကို မြစ်ကြီးနားတရားရုံးက အမိန့်ချရန် ဇူလိုင် ၂၂ ရက်သို့ ရွှေ့ဆိုင်း

ကချင်တွင် သစ်ခိုးထုတ်သည့် တရုတ် ၁၅၀ ကျော်ကို မြစ်ကြီးနားတရားရုံးက အမိန့်ချရန် ဇူလိုင် ၂၂ ရက်သို့ ရွှေ့ဆိုင်း
ကချင်ပြည်နယ်တွင် သစ်များကို လုံခြံုရေးယူနေသည့် တပ်မတော်သားတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင် သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား ၁၅၀ ကျော်ကို မြစ်ကြီးနားခရိုင် တရားရုံး တွင် ဇူလိုင် ၁၇ ရက်၌ အမိန့်ချမည် ဖြစ်သော်လည်း တရားရုံးက အဆင်သင့် မဖြစ်သေး ဟုဆိုကာ လာမည့် ဇူလိုင် ၂၂ ရက်တွင် အမိန့်ချမှတ်မည်ဟု တရုတ်နိုင်ငံသား ဘက်မှ လိုက်ပါကူညီဆောင်ရွက် ပေးနေသူ အထက်တန်းရှေ့နေ ဦးခင်မောင်က မဇ္ဈိမ ကိုပြောသည်။

သစ်ခိုးထုတ်မှုအတွက် အများနှင့် သက်ဆိုင်သည့် ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ (အပက ၃) ဖြင့် အမိန့် ချမှတ်ရန် ကျန်နေခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက တရားမဝင် ဝင်ရောက်မှု လဝကဥပဒေ ပုဒ်မဖြင့် ပြစ်ဒဏ် ၆ လစီ ချမှတ်ခဲ့ပြီး ဖြစ်သည်။

“မချဖြစ်သေးဘူး။ ရုံးက အဆင်သင့် မဖြစ်သေးလို့၊ ရုံးချိန်း ၂၂ ရက် ပြန်ချိန်းလိုက်ပါတယ်။ သူတို့ကို အပက ၃ နဲ့ စွဲချက်တင် ထားတာပါ။ အမိန့်ချတဲ့နေ့မှာ ဘယ်ပုဒ်မနဲ့ ချမယ်ဆိုတာ တရားရုံးရဲ့ ဆုံးဖြတ်ခွင့်ပဲ။ ကြိုတင်မသိတော့ ပြောလို့ မရသေးပါဘူး” ဟု ရှေ့နေ ဦးခင်မောင်က မဇ္ဈိမကို ပြောသည်။  

လက်ရှိ ထိုတရုတ်နိုင်ငံသားများကို စွဲချက်တင်ထားသော အပက ၃ သည် အနည်းဆုံး ပြစ်ဒဏ် ၁၀ နှစ်ထိ ချမှတ်နိုင်သည် ဟုရှေ့နေ ဦးခင်မောင်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲ ဆဒုံး၊ ဝါရှောင်၊ မန်ဝိန်းကျေးရွာများမှ အစိုးရ စစ်ကြောင်းက မူးယစ်ဆေးဝါး အပါအဝင် စက်ယန္တရားများနှင့် အတူ ဖမ်းဆီးခဲ့ကာ လဝက ပုဒ်မနှင့် အပက ၃ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ် သည်။

အဆိုပါ တရုတ်နိုင်ငံသား ၁၅၀ ကျော်ကို မြစ်ကြီးနား အကျဉ်းထောင်တွင် ဖမ်းဆီးထားသည် ဟု သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly