ခြောက်လအတွင်း တစ်ပွဲသာ ကစားရသော်လည်း အာဖရိကအကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းတွင် တိုရေးပါ၀င်

ခြောက်လအတွင်း တစ်ပွဲသာ ကစားရသော်လည်း အာဖရိကအကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းတွင် တိုရေးပါ၀င်

နိုဝင်ဘာ ၁၃၊ အင်္ဂလန် ။              ။ မန်စီးတီးကွင်းလယ်ကစားသမား ယာယာတိုရေးသည် ပြီးခဲ့သည့် ခြောက်လအတွင်း ပွဲစဉ် ၁ ပွဲသာ ကစားခွင့်ရရှိခဲ့ပြီး အိုင်ဗရီကို့စ်နိုင်ငံလက်ရွေးစင်အသင်းမှ အနားယူထားသော်လည်း ဘီဘီစီ၏အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းတွင် ပါ၀င်လျက်ရှိသည်။

ဘီဘီစီက ရွေးချယ်ချီးမြှင့်မည့် အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုဆန်ခါတင်စာရင်းတွင် ယာယာတိုရေးနှင့်အတူ ဒေါ့တ်မွန်တိုက်စစ်မှူး အူဘာမီယန်း၊ လက်စတာတိုက်စစ်ကစားသမား မာရက်ဇ်၊ ဆွမ်ဆီးတိုက်စစ်မှူးဟောင်း ယခုဝက်စ်ဟမ်းတိုက်စစ်မှူး အယူး၊ လီဗာပူးလ်တိုက်စစ်မှူး မာနေးတို့ ပါ၀င်ခဲ့ကြသည်။

လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးခဲ့ပြီး ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည့် မာရက်ဇ်မှာ ဒေါ့တ်မွန်တိုက်စစ်မှူး အူဘာမီယန်းနှင့် အပြိုင် ဆုရရှိရန် ရေပန်းစားလျက်ရှိသည်။ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းမှာ ယခုနှစ်ရာသီတွင် ဒေ့ါတ်မွန်အသင်းအတွက် ၁၄ ပွဲ ပါ၀င်ကစားခဲ့ရာတွင် ၁၄ ဂိုး သွင်းယူပေးထားသူ ဖြစ်သည်။

မာနေးနှင့် အယူးတို့မှာ ပြီးခဲ့သည့်ရာသီက ၎င်းတို့၏ကလပ်အသင်းဟောင်းများဖြစ်သော ဆောက်သမ်တန်နှင့် ဆွမ်ဆီးအသင်းတို့အတွက် ခြေစွမ်းပြခဲ့သည့်အတွက် ယခုစာရင်းတွင် ပါ၀င်လာခဲ့ခြင်းဖြစ်သည်။ မာနေးမှာ ယခုနှစ်တွင် လီဗာပူးလ်အသင်း၌ ဆက်လက်ခြေစွမ်းပြလျက်ရှိသော်လည်း အယူးမှာ ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး မကြာသေးမီကမှ ပြန်လည် ကစားနိုင်ခဲ့သည်။

ထိုကစားသမားများကို ဘီဘီစီသတင်းဝက်ဘ်ဆိုက်တွင် နိုဝင်ဘာလ ၂၈ ရက်အထိ ၀င်ရောက်မဲပေးနိုင်ပြီး ပရိသတ်များ၏အဆုံးအဖြတ်ဖြင့် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အကောင်းဆုံးကစားသမားနာမည်ကို ကြေညာမည် ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly