ပေယက်ကို အသင်းပြောင်းရွှေ့ခွင့်ပြုမည်မဟုတ်ဟု ၀က်စ်ဟမ်းအသင်း ကြေညာ

ပေယက်ကို အသင်းပြောင်းရွှေ့ခွင့်ပြုမည်မဟုတ်ဟု ၀က်စ်ဟမ်းအသင်း ကြေညာ

နိုဝင်ဘာ ၁၃၊ အင်္ဂလန် ။             ။ ၀က်စ်ဟမ်းအသင်းက ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား ပေယက်ကို လာမည့်ဇန်နဝါရီလ အပြောင်းအရွှေ့တွင် အသင်းပြောင်းရွှေ့ခွင့်ပြုမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ပေယက်ကို ပြင်သစ်လိဂ်ချန်ပီယံ ပီအက်စ်ဂျီအသင်းက ခေါ်ယူလိုလျက်ရှိနေသလို ၀က်စ်ဟမ်းအသင်း၏ဆိုးရွားနေသော ရလဒ်များကြောင့် ပေယက်အသင်းပြောင်းတော့မည်ဟုလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ထို့ကြောင့် ၀က်စ်ဟမ်းအသင်းက စိုးရိမ်လျက်ရှိနေပြီး ၎င်းတို့၏ကစားသမားမှာ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ရောင်းချရမည့် ကစားသမားမဟုတ်ကြောင်း ပြောဆိုထားသည်။

ပေယက်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကမှ ၀က်စ်ဟမ်းအသင်းနှင့် ၅ နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုထားသူ ဖြစ်သည်။ တစ်ပတ်လစာငွေ ပေါင် ၁၂၅,၀၀၀ ရရှိနေပြီး ၀က်စ်ဟမ်းအသင်း၏သမိုင်းတွင် လစာအကောင်းဆုံးကစားသမား ဖြစ်သည်။ စာချုပ်အရ အပိုဆုကြေးငွေများလည်း ရရှိမည် ဖြစ်ပြီး ယခုခြေစွမ်းကို ခရစ္စမတ်ကာလအထိ ဆက်လက်ထိန်းသိမ်းထားပါက လစာငွေမှာ ပေါင် ၁ သိန်းခွဲအထိ တိုးမြှင့်ပေးဦးမည် ဖြစ်သည်။

ပီအက်စ်ဂျီ၊ မာဆေးလ်အသင်းတို့နှင့် ပတ်သက်သည့် အပြောင်းအရွှေ့သတင်းများကို မေးမြန်းခဲ့ရာတွင် ပေယက်က တရားဝင်ကမ်းလှမ်းလာခြင်းမရှိသေးသည့်အတွက် စဉ်းစားစရာမရှိသေးကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags