ပါကစ္စတန်ရှိ ဘာသာရေးကျောင်းဆောင်တစ်ခု၌ အိုင်အက်စ်တို့ ဗုံးခွဲတိုက်ခိုက်၍ ၅၂ ဦးထက်မနည်း သေဆုံး

ပါကစ္စတန်ရှိ ဘာသာရေးကျောင်းဆောင်တစ်ခု၌ အိုင်အက်စ်တို့ ဗုံးခွဲတိုက်ခိုက်၍ ၅၂ ဦးထက်မနည်း သေဆုံး

နိုဝင်ဘာ ၁၂ ။          ။ ပါကစ္စတန်နိုင်ငံ ဝေးလံခေါင်ပါးသော အရပ်ဒေသတစ်ခုတွင် ရှိသော ဘာသာရေးကျောင်းဆောင်တစ်ခု၌ နိုဝင်ဘာ ၁၂ ရက်က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံံး ၅၂ ဦးသေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်ကြောင်း အစ္စလမ္မစ်နိုင်ငံတော် အကြမ်းဖက်အုပ်စုက ထုတ်ဖော်ကြေညာသွားသည်။

နိုင်ငံတောင်ပိုင်း Balochistan ခရိုင်ဒေသ Quetta မြို့၏ ကီလိုမီတာ ရ၅၀ အကွာ အရပ်ဒေသရှိ ဘာသာရေးကျောင်းဆောင်တစ်ခု၌ ကျင်းပသော အခမ်းအနားတစ်ခုသို့ တက်ရောက်လာသော ၀တ်ပြုဆုတောင်းသူများ စုရုံးနေစဉ် ယင်းပေါက်ကွဲမှုကြီး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

“ အနည်းဆုံံး ၅၂ ဦးသေဆုံးသွားပါတယ်၊ ဒဏ်ရာ ရသူကလည်း ၁၀၅ ဦးလောက်ထိ ရှိနေပါတယ်” ဟု ဒေသဆိုင်ရာ ပြည်ထဲရေးဝန်ကြီး Sarfraz Bugti က ပြောသည်။

သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်အများစု ဖြစ်ကြသည်ဟုလည်း သိရသည်။

ဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ်များ စေလွှတ်ထားကာ ကယ်ဆယ်လုပ်ဆောင်နေပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို မိမိတို့လုပ်ဆောင်ခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဟု အိုင်အက်စ်တို့က ထုတ်ဖော်ထားသော်လည်း ဒေသအာဏာပိုင်များကမူ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသေခံဗုံံးခွဲမှုတစ်ခု ဟုတ်မဟုတ် အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly