KNU ၏ ၁၆ ကြိမ်မြောက် ကွန်ကရက်ကို လာမည့် မတ်လတွင် ကျင်းပရန် ဆုံးဖြတ်

KNU ၏ ၁၆ ကြိမ်မြောက် ကွန်ကရက်ကို လာမည့် မတ်လတွင် ကျင်းပရန် ဆုံးဖြတ်

ချင်းမိုင်၊ နိုဝင်ဘာလ ၁၂  ။                ။ ကရင်အမျိုးသား အစည်းအရုံး(KNU)၏ ၁၆ ကြိမ်မြောက် ကွန်ကရက်ကို လာမည့် မတ်လတွင် ကျင်းပရန် ၅ ကြိမ်မောက် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးမှ ဆုံးဖြတ်လိုက်သည်။

အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၁၀ ရက်အထိ ကျင်းပသော အစည်းအဝေးတွင် ၁၆ ကြိမ်မြောက် KNU  ကွန်ကရက် ကျင်းပပြုလုပ်နိုင်ရေးအတွင်း ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ပြင်ဆင်   ဆောင်ရွက်မည့် လုပ်ငန်းများဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကျနော်တို့ မတ်လအတွင်းမှာ ကျင်းပဖို့ သတ်မှတ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ သင့်တော်တဲ့အချိန်၊ ပြင်ဆင်မှု ပြည့်စုံတဲ့အချိန်၊ ဖိတ်ကြားမဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြင်ဆင်မှုအနေအထားအပေါ်မှာ မူတည်ပြီးတော့ သတ်မှတ်တာ ပါ” ဟု KNU ၏ အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်။

လာမည့် ၁၆ ကြိမ်မြောက်ကွန်ကရက် ဖြစ်မြောက်ရေးကော်မတီတွင် ဗဟိုကော်မတီဝင်များ၊ ခရိုင်ဥက္ကဋ္ဌ များပါဝင်၍  KNU ၏ အထွေထွေအတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ့က ဦးဆောင်သွားမည်   ဖြစ်ကြောင်း သူက ပြောသည်။

၄ ကြိမ်တစ်ကြိမ် ပုံမှန်ကျင်းပကာ အဖွဲ့၏ အစီရင်ခံစာများ သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ ရှေ့လုပ်ငန်း စဉ်များ အကောင်အထည်ဖော်ရန်အတွက် ပထမအဆင့် ဗဟိုကော်မတီမှ သင့်တော် သည့် ခေါင်းဆောင်များကို တက် ရောက်သူများက တိုက်ရိုက် ရွေးချယ်ရမည်ဖြစ်ကြောင်း ပဒိုကွယ်ထူးဝင်းက ပြောသည်။

KNU က ကွန်ကရပ်ကို ပုံမှန်အားဖြင့် ၄ နှစ်တစ်ကြိမ် ကျင်းပခဲ့ရာ ယခုလ နိုဝင်ဘာလတွင် ကျင်းပရမည် ဖြစ်သော်လည်း ရွှေ့ဆိုင်းလိုက်မှုအပေါ် ကရင်နိုင်ငံရေးပါတီများ၊ ကရင်အရပ်ဘက် အဖွဲ့အစည်းများက မရွှေ့ဆိုင်းသင့်ကြောင်း ဝေဖန် ပြောဆိုမှုများ ရှိနေသည်။

“နောက်ဆုတ်သင့်၊ မဆုတ်သင့်ဘူးဆိုတာက သူတို့အမြင်ကို ကျနော်တ်ုိ့လေးစားပါတယ်။ ဒါပေမဲ့ အဖွဲ့ရဲ့ တာဝန်ရှိတဲ့ ဗဟိုကော်မတီက ဆုံးဖြတ်ရမဲ့ ကိစ္စမှာတော့ ဗဟိုကော်မတီမှာ ဆုံးဖြတ်ပြီးတော့ ကိုယ့်အဖွဲ့တိုးတက်ဖို့တော့ အဖွဲ့အ စည်းက လုပ်သင့်တဲ့ အချိန်၊ ကိုယ့်အဖွဲ့အစည်းအတွက်လည်း အကျိုးရှိမယ်။ ကိုယ့်အဖွဲ့အစည်းအတွက်လည်း လက် တွေ့ လုပ်ဆောင်တဲ့နေရာမှာ ပိုမိုပြီးတော့ လက်တွေ့ကြတဲ့ လုပ်ငန်းဆိုတော့ ဆုံးဖြတ်ရမှာပေါ့နော်” ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၁၀ ရက်ထိ ၁၁ ရက်ကြာ ကျင်းပသော အစည်းအဝေးတွင် ၄ နှစ်တာအတွင်း ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များအပေါ် မည်မျှအကောင်အထည်ဖော်နိုင်မှုအပေါ် သုံးသပ်ခြင်း၊ နိုင်ငံရေးဆောင်ရွက်မှု အပေါ် အကောင်အထည်ဖော်ဆောင်နိုင်မှုများ သုံးသပ်ခြင်းနှင့် ဌာနဆိုင်ရာ လုပ်ငန်းများအပေါ် ဗဟိုအလုပ်အမှုဆောင် ကော်မတီက ပြန်လည် သုံးသပ်၊ ပြင်ဆင်ခဲ့ သည်ဟု သူက ပြောသည်။

ယင်းအစည်းဝေးတွင် ဗဟိုအမြဲတမ်းကော်မတီဝင် ၅၂ ဦးမှ ၄၈ ဦးနှင့် အထူးဖိတ်ကြားထားသော ၄ ဦးတို့ တက်ရောက်ခဲ့ ပြီး အစည်းအဝေးတွင် ၄ နှစ်တာအတွင်း ဆောင်ရွက်ခဲ့သေ လုပ်ငန်း အစီရင်ခံစာ ၊ ၁၅ ကြိမ်မြောက်ကွန်ကရက်မှ ချမှတ် ထားသော အခြေခံလမ်းစဉ်၊ လုပ်ငန်းစဉ်တို့ကို ပြန်လည် သုံးသပ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ခဲ့သလို၊ KNU  ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း   ပြန်လည် သုံးသပ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly