TPP ကုန်သွယ်ရေး သဘောတူညီမှု ရရေး အိုဘားမားအစိုးရ၏ ကြိုးစားနေမှုများ ရပ်ဆိုင်း

TPP ကုန်သွယ်ရေး သဘောတူညီမှု ရရေး အိုဘားမားအစိုးရ၏ ကြိုးစားနေမှုများ ရပ်ဆိုင်း

နယူးယောက်၊ နိုဝင်ဘာ ၁၂ ။              ။ အာရှလွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှုနှင့် ပက်သတ်ပြီး သမ္မတသစ် ဒေါ်နယ်ထရမ့် ရာထူး ရယူခြင်း မရှိသေးမီ လွှတ်တော်တွင် အတည်ပြု ချက် ရရေးအတွက် ကြိုးစားဆောင်ရွက်မှုများအား သမ္မတအိုဘားမားအစိုးရက ရပ်ဆိုင်းလိုက်ပြီး အဆိုပါ TPP ကုန်သွယ်ရေးသဘောတူညီမှုသည် ထရမ့်နှင့် ရီပတ်ဘရီကန်အမတ်များအပေါ်တွင် မှီတည်ကြောင်း ပြောသည်။

ပီရူးတွင် ကျင်းပမည်ဖြစ်သော ဒေသတွင်းအစည်းအဝေးတစ်ရပ်သို့ လာမည့်သီတင်းပတ်၌ သွားရောက်တက်ရောက်မည့်အချိန်တွင် သမ္မတအိုဘားမားအနေဖြင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ပြုမှု TPP ပဋိညဉ်ပါ အခြားနိုင်ငံ ၁၁ နိုင်ငံမှ ခေါင်းဆောင်များအား အခြေအနေအရပ်ရပ်ကို ရှင်းလင်းပြောဆိုမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ဆိုသည်။

ရွေးကောက်ပွဲအလွန်တွင် TPP အဖွဲ့ဝင် ဆယ့်နှစ်နိုင်ငံမြောက်ဖြစ်ရေးအတွက် အိုဘားမားကက်ဘိနက်အစိုးရနှင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတို့က လွှတ်တော်ကိုယ်စားလှယ်များအား စည်းရုံးနေခဲ့ခြင်းဖြစ်သည်။ သို့သော် ဇန်နဝါရီလတွင် ရွေးကောက်ပွဲအနိုင်ရ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ရောက်လာပြီး ကွန်ဂရက်တွင်လည်း ရီပတ်ဘရီကန်အများစု ကြီးစိုးမည်ဖြစ်၍ ၎င်းတို့၏ အစီအစဉ်အတွက် အဟန့်အတားဖြစ်လာခြင်းဖြစ်သည်

" ဖြစ်ပွားဆဲကိစ္စရပ်တွေမှာ ကွန်ဂရက်နဲ့ လက်တွဲဖြေရှင်းသွားပြီး ကျွန်တော်တို့အနေနဲ့ ရှေ့ဆက်သွားဖို့ အသင့်ပါပဲ။ ဒါပေမယ့် ခုကိစ္စက ဥပဒေရေးရာလုပ်ငန်းစဉ်ဖြစ်တာကြောင့် လွှတ်တော်ပိုင်းက ဆုံးဖြတ်ရမှာပါ။"ဟု အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ မတ်အယ်ဗန်နက်ရှ်က ဆိုသည်။

TPP ကုန်သွယ်ရေး သဘောတူညီမှုသည် နိုင်ငံရပ်ခြားသို့ အလုပ်အကိုင် အများစု ရောက်ရှိရလိမ့်မည်ဖြစ်၍ နိုင်ငံအတွက် ကပ်ဘေးတစ်ခုဖြစ်ပြီး နိုင်ငံအား ဗလက္ကာရပြုကျင့်ခံရခြင်းဖြစ်ကြောင်း ထရမ့်က မဲဆွယ်စည်းရုံးမှု၏ အဓိကအချက်သဖွယ် ဝေဖန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags