မြိတ်မြို့မှ ကင်းမွန်ပြုတ် အလုပ်ရုံများ ကျောက်မီးသွေးလောင်စာ အသုံးပြုတော့မည် မဟုတ်

မြိတ်မြို့မှ ကင်းမွန်ပြုတ် အလုပ်ရုံများ ကျောက်မီးသွေးလောင်စာ အသုံးပြုတော့မည် မဟုတ်
 ကင်းမွန်ပြုတ်များကို အခြောက်လှမ်းနေစဉ်။  ဓာတ်ပုံ - ဇော်နီ

မြိတ်၊ နိုဝင်ဘာ၁၂ ။                   ။ မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးမြိုင်စက်မှုဇုန်ရှိ ကင်းမွန်ပြုတ် အလုပ်ရုံများအနေဖြင် ဒေသခံများ စိုးရိမ်နေကြသည့် ကျောက်မီးသွေးလောင်စာကို အသုံးပြုတော့မည် မဟုတ်ပဲ ရာဘာထင်းကိုသာ သုံးစွဲဆောင်ရွက်သွား မည်ဟု အေသုံးလုံး ကင်းမွန်ပြုတ်အလုပ်ရုံ မန်နေဂျာ ဦးရဲလင်းက နိုဝင်ဘာ ၁၁ ရက်တွင် ပြောသည်။

“ အခုအသုံးပြုဖို့ ပြင်ဆင်ထားတဲ့ ကျောက်မီးသွေးတွေကိုလည်း ဘုန်းကြီးကျောင်း လမ်းခင်းဖို့အတွက် ဆောင်ရွက်သွားမယ်ဆိုတာ တင်ပြထားပါတယ်။ နောက်တစ်ခုက ဒီကင်းမွန်ပြုတ်ဖို့အတွက် ရာဘာထင်းသုံး ဘွိုင်လာတွေအဖြစ် ဆောင်ရွက်သွားဖို့အတွက် သက်ဆိုင်ရာဌာနတွေကို တင်ပြထားပါတယ်” ဟု ၎င်းက ဆိုသည်။

ဒီရေတောနှင့် ထင်းလောင်စာသုံးစွဲခွင့်အတွက် တိုင်းအစိုးရ တားမြစ်ထားပြီးနောက်တွင် ကင်းမွန်ပြုတ် အလုပ်ရုံများ အနေဖြင့် ကျောက်မီးသွေးလောင်စာ အစားထိုးအသုံးရန် စီစဉ်လာကြခြင်း ဖြစ်သည့် အတွက် အောက်တိုဘာ ၃၁ ရက်က မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက စစ်ဆေးခဲ့ကြပြီး နိုဝင်ဘာ ၁၁ ရက် တွင် ထပ်မံစစ်ဆေးခဲ့ရာ ယင်းကဲ့သို့ စီစဉ်   ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကင်းမွန်ပြုတ်လုပ်ငန်းများသည် တရုတ်နိုင်ငံသားပိုင် အလုပ်ရုံများဖြစ်ပြီး အေသုံးလုံးအလုပ်ရုံအနေဖြင့်ကျောက် မီးသွေးလောင်စာအသုံးပြုရန် ပြင်ဆင်ထားသည့် အလုပ်ရုံ (၃)ရုံနှင့် ထင်းလောင်စာ သုံးစွဲလျက်ရှိသည့် အလုပ်ရုံ (၁၂)ရှိ ကြောင်း အလုပ်ရုံမန်နေဂျာ၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် အင်းလေးမြိုင် စက်မှုဇုန်အတွင်းရှိ ကင်းမွန်ပြုတ်လုပ်ငန်းတစ်ခုဖြစ်သည့် LM အလုပ်ရုံကို စစ်ဆေးရန် သွားရောက်ခဲ့ရာ အလုပ်ရုံ ဖွင့်ခြင်းမရှိပဲ ပိတ်ထားသည်ကို တွေ့ရသည်။

ကျောက်မီးသွေး လောင်စာသုံးစွဲခြင်းကြောင့် ကင်းမွန်ပြုတ်လုပ်ငန်းမှ ကင်းမွန်အခြောက်များတွင် မာကျူရီ ခေါ် အဆိပ် ပါ၀င်သွားနိုင်ပြီး မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းအပေါ် ထိခိုက်မှုရှိလာနိုင်သည့်အတွက်   လောင်စာသုံးစွဲမှုကို လက်မခံနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေလုပ်ငန်းဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း (0FI)အဖွဲ့မှ Excutive Director ဦးတင်တင် ကိုကိုဦးက သုံးသပ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly