ရုရှအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို နိုင်ငံအားလုံးက ဆက်လက် တင်းကြပ်ထားရန် ကနေဒါ တိုက်တွန်း

ရုရှအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို နိုင်ငံအားလုံးက ဆက်လက် တင်းကြပ်ထားရန် ကနေဒါ တိုက်တွန်း

မော်စကို၊ နိုဝင်ဘာ ၁၂ ။                      ။ ယူကရိန်းအပေါ် ရုရှ၏ အပြုအမူများအတွက် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို နိုင်ငံအားလုံးက ဆက်လက် တင်းကြပ်ထားသင့်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး စတီဗင်ဒီယွန်က နိုဝင်ဘာ ၁၁ ရက်က တိုက်တွန်းပြောလိုက်ပြီး ရုရှဖက် အနေအထားမပြောင်းလဲမချင်း ကနေဒါက ဖြေလျှော့ပေးသွားမည် မဟုတ်ကြောင်း ပြောသည်။

ရုရှသမ္မတ ပူတင်အား မဲဆွယ်စည်းရုံးမှုများ၌ ချီမွမ်းစကားဆိုဖူးသည့် စီးပွားရေး လုပ်ငန်းရှင် ဒေါ်နယ်ထရမ့်က အမေရိကန်၏ သမ္မတသစ်အဖြစ် ရွေးကောက်ခံရပြီး သုံးရက်အကြာတွင် ဒီယွန်က ယခုကဲ့သို့ မှတ်ချက်ပြု ပြောလာခြင်းဖြစ်သည်။

“ယူကရိန်းနဲ့ ဆီးရီးယားမှာ ရုရှရဲ့ အပြုအမူက လက်မခံချင်စရာပါ။ ဒါကြောင့်ပဲ ရုရှနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးမှာ အတော်ပွင့်လင်းထားဖို့က အရေးကြီးတယ်။”ဟု အီသီယိုးပီးယားမြို့တော် အာဒစ်အာဘာဘာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ဒီယွန်က ပြောခဲ့သည်။

“ယူကရိန်းအရေးနဲ့ ပတ်သက်ရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိနေပါတယ်။ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေကို တင်းတင်းကြပ်ကြပ်လိုက်နာဖို့ နိုင်ငံအားလုံးကို ကနေဒါက အလေးထားတိုက်တွန်းပါတယ်။”ဟု ဒီယွန်က ထပ်လောင်းပြောသည်။

ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရေး သို့မဟုတ် ဖြေလျှော့မှုရရေး လိုလားလျက်ရှိသည့် ရုရှတာဝန်ရှိသူများက ထရမ့်၏ ရွေးကောက်ပွဲအနိုင်ရမှုကို ကြိုဆိုကြသည်။ အမေရိကန်နှင့် တင်းပြည့်ကျပ်ပြည့် ဆက်ဆံရေး ပြန်လည်ထူထောင်သွားရန် အသင့်ရှိကြောင်း ရုရှသမ္မတ ပူတင်က နိုဝင်ဘာ ၉ ရက်က ပြောလိုက်သည်။

၂၀၁၄ ခုနှစ်က ယူကရိန်ပိုင် ခရိုင်းမီးယားဒေသကို ရုရှက ကျုးကျော်သိမ်းပိုက်ခြင်းနှင့် ယူကရိန်အရှေ့က ခွဲထွက်ရေးသမားများကို ထောက်ခံခြင်းများကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂနှင့်အတူ ကနေဒါနိုင်ငံတို့ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags