ဂျပန်ကုမ္ပဏီများက အိန္ဒိယသို့ နူးကလီးယားနည်းပညာ ရောင်းချနိုင်မည့် သဘောတူစာချုပ် လက်မှတ်ရေးထိုး

ဂျပန်ကုမ္ပဏီများက အိန္ဒိယသို့ နူးကလီးယားနည်းပညာ ရောင်းချနိုင်မည့် သဘောတူစာချုပ် လက်မှတ်ရေးထိုး

တိုကျို၊ နိုဝင်ဘာ ၁၂ ။        ။ ဂျပန်ကုမ္ပဏီများက အိန္ဒိယသို့ နျူကလီးယားနည်းပညာ ရောင်းချနိုင်မည့် သဘောတူစာချုပ်တစ်ရပ်ကို ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် နာရင်ဒရာမိုဒီတို့က နိုဝင်ဘာ ၁၁ ရက်တွင် လက်မှတ်ရေးထိုးလိုက်သည်။

ဂျပန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်တွင် အဖွဲ့ဝင်အဖြစ် လက်မှတ်ထိုးမထားသည့် နိုင်ငံတစ်နိုင်ငံနှင့် ပထမဆုံးအကြိမ် ရေးထိုးလိုက်သည့် အဆိုပါ စာချုပ်သည် အငြင်းပွား ဖွယ်ရာ ကိစ္စတစ်ရပ် ဖြစ်နေသည်။

နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်သည် ကုလသမဂ္ဂလုံခြံုရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံမှလွဲ၍ အခြားနိုင်ငံများအနေဖြင့် နျူလက်နက် မထုတ်လုပ်ရန် တားမြစ်ထားသည်။ စွမ်းအင် လိုအပ်မှု များစွာရှိနေသည့် အိန္ဒိယနိုင်ငံနှင့် အရပ်ဖက်နူးကလီးယား ပူးပေါင်းဆောင်ရွက်မှုကို ယင်းစာချုပ်ကြောင့် ဂျပန်က ကာလအတန်ကြာ လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ တရုတ်နိုင်ငံက စီးပွားရေး ချဲ့ထွင်လာမှုနှင့် ဒေသတွင်း စစ်ရေးတိုးချဲ့လာသောကြောင့် ဂျပန်အနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

"အိန္ဒိယအနေနဲ့ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုနိုင်မယ့် သဘောတူစာချုပ်တစ်ရပ်ဖြစ်ပါတယ်" ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သတင်းထောက်များကို ပြောကြားခဲ့သည်။
အိန္ဒိယအနေဖြင့် နျူကလီးယား စမ်းသပ်မှုများကို ပြန်လည်စတင်ပါက ဂျပန်အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းနိုင်ကြောင်း နှစ်နိုင်ငံသဘောတူထားသည်ဟု ဂျပန်အရာရှိတစ်ဦးက   ပြောကြားသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက "ကျွန်တော်တို့ နိုင်ငံအနေနဲ့ သန့်ရှင်းတဲ့ စွမ်းအင်မိတ်ဖက်ဆောင်ရွက်မှုတစ်ခုကို ဒီနေ့ လုပ်ဆောင်နိုင်ခဲ့ပါပြီ" ဟု ပြောကြားသည်။

အိန္ဒိယနိုင်ငံအနေဖြင့် အရပ်ဖက်သုံး နျူကလီးယားသဘောတူစာချုပ်ကို အမေရိကန်နှင့် ဂျပန်တို့အပြင် ပြင်သစ်၊ သြစတြေးလျတို့နှင့်လည်း လက်မှတ်ရေးထိုးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags