ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ် တိမ်းမှောက််မှု ရေယာဉ်မောင်းနှင်သူအား အမှုဖွင့်

ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ် တိမ်းမှောက််မှု ရေယာဉ်မောင်းနှင်သူအား အမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ငေါက်စားကျေးရွာအနီး၊ ချင်းတွင်းမြစ်အတွင်း နိုဝင်ဘာ ၁၀ ရက်က ကုန်တင်ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ရေယာဉ်မောင်းနှင်သူအား အမှုဖွင့်အရေးယူထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကုန်တင်ရေယာဉ် မောင်းနှင်လာသူ ကျော်ဇင်ထွန်း(၂၃)နှစ်၊(ဘ)ဦးဘိုမောင်အား ဟုမ္မလင်းမြို့မရဲစခန်း (ပ)၆၁၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀ အရအမှုဖွင့်ထားခြင်းဖြစ်သည်။

မုံရွာမှ ဟုမ္မလင်းသို့ မောင်းနှင်လာသော 'လင်းလင်းအောင်' ကုန်တင်ရေယာဉ်ဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်မနက် ၁၀ နာရီခန့်က ချင်းတွင်းမြစ်နှင့် ဥရုချောင်းဆုံအနီး၊ ရေစီးကြောင်းတွင် ကန့်လန့်ဝင်ရောက် မောင်းနှင်မှုကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကုန်တင်ယာဉ်ပေါ်တွင် ဆန်အိတ် (၁၂၀)အိတ်၊ ဒီဇယ်ပေပါ (၃၀၀) လုံး၊ ပေ ၂၀ ရှည်သံပိုက် (၅၀) လုံး၊အခြားကုန်ပစ္စည်းမျိုးစုံ စုစုပေါင်း ကျပ်သိန်း (၈၆) သိန်းကျော်ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

တိမ်းမှောက်နစ်မြုပ်ခဲ့သော ကုန်တင်ယာဉ်ပေါ်တွင် ခရီးသည် လိုက်ပါလာခြင်း မရှိပဲ လှေထိုးသား (၅)ဦးသာ လိုက်ပါလာခဲ့ကြောင်း၊ အသက်အန္တရာယ်ထိခိုက်မှု မရှိကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ချင်းတွင်းမြစ်အတွင်း အောက်တိုဘာ ၁၅ ရက်က ခရီးသည်တင်ရေယာဉ်တစ်စီး တိမ်းမှောက်နစ်မြုပ်ခဲ့ပြီး ခရီးသည် (၇၃)ဦး အသက်သေဆုံးခဲ့ရသည့်အတွက် တိုင်းဒေသကြီးအစိုးရမှ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲကြသည့် အမြန်ရေယာဉ်များအနေဖြင့် ခရီးသည်၊ ကုန်ပစ္စည်းတို့ကို သက်မှတ်တန်ချိန်ထက် ပို၍ တင်ဆောင်ခြင်းမပြုရန် စိစစ်နေချိန်တွင် ယခုကဲ့သို့ ကုန်တင်ရေယာဉ်တစ်စီး ထပ်မံ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly