ဘဝကို အဆုံးသတ်မည့်အစား၊ ပြစ်မှုကို မည်သို့ အဆုံးသတ်မည်ကို အလေးထားကြပါ

ဘဝကို အဆုံးသတ်မည့်အစား၊ ပြစ်မှုကို မည်သို့ အဆုံးသတ်မည်ကို အလေးထားကြပါ

ဥရောပသမဂ္ဂသည် သေဒဏ်ကို ဆန့်ကျင်သည့်၊ ခိုင်မာသောမူအရ ရပ်တည်မှုကို ကိုင်စွဲထားပါသည်။ ယခုနှစ်တွင် ကျွနု်ပ်တို့မှ မြန်မာနိုင်ငံသည် ဤပြစ်ဒဏ်ကို ဆန့်ကျင်ရာတွင် ဥရောပနှင့်အတူ လက်တွဲမည်ဟု မျှော်လင့်ထားပါသည်။ သေဒဏ်သည် လူသားဂုဏ်သိက္ခာနှင့် လုံးဝလိုက်ဖက် မညီပေ။

လူမဆန်သလို ဂုဏ်ငယ်စေသော ဆက်ဆံမှု ဖြစ်ပြီး ပြစ်မှုကျူးလွန်သော အပြုအမူကို အဟန့်အတား ပြုနိုင်ကြောင်း သက်သေအထောက်အထား တစ်စုံတစ်ရာ မရှိသည့်အပြင် တရားစီရင်ရေးဆိုင်ရာ အမှားများကို နောက်ပြန်မသွားနိုင်သလို အသက်ဆုံးရှုံးစေရန် ခွင့်ပြုပေးပါသည်။ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလတွင် ကုလသမဂ္ဂ အထွေထွေညီလာခံသည် သေဒဏ် အသုံးပြုခြင်းအပေါ် တရားဝင် ဆိုင်းငံထားခြင်းအတွက် ဆုံးဖြတ်ချက်တစ်ရပ်ကို ထပ်မံ မဲပေးကြပါမည်။ ဤသည်မှာ သေဒဏ်ကို တစ်ကမ္ဘာလုံးတွင် တရားဝင် ဆိုင်းငံ့ခြင်း အမိန့်အတွက် ဆဋ္ဌမအကြိမ်မြောက် ဆုံးဖြတ်ချက် ဖြစ်ပေမည်။ အပြည်ပြည်ဆိုင်ရာ သေဒဏ် ဖျက်သိမ်းခြင်းဆီသို့ အရေးကြီးသော ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် သေဒဏ်ကို လက်ရှိလက်တွေ့တွင် ဖျက်သိမ်းရေးဝါဒီ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ၁၉၈၈ခုနှစ်မှ စပြီး သေဒဏ်ပေးထားသူများကို စီရင်ခဲ့ကြောင်း မကြားဖူးပေ။ ယနေ့အထိ ကမ္ဘာအနှံ့မှ နိုင်ငံ ၁၀၂ နိုင်ငံသည် ပြစ်မှုအားလုံးအတွက် သေဒဏ်ကို ဖျက်သိမ်းထားပြီး ၆နိုင်ငံတွင် သာမန်ပြစ်မှုများအတွက် သေဒဏ် မပေးတော့သော်လည်း ၃၂နိုင်ငံတွင် သေဒဏ် ဖျက်သိမ်းရေးဝါဒီကို လက်တွေ့ ကျင့်သုံးနေကြသည်။

ဆိုလိုသည်မှာ ထိုနိုင်ငံများတွင် လွန်ခဲ့သော ၁၀နှစ်တာ ကာလအတွင်း မည်သူ့ကိုမျှ မကွပ်မျက်ခဲ့ကြသလို သေဒဏ်ကို စီရင်ခြင်း မပြုရန် မူဝါဒဖြစ်စေ ကတိကဝတ်ဖြစ်စေ ရှိကြသည်။ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား အာဆီယံနိုင်ငံနှစ်နိုင်ငံသာ သေဒဏ်ကို လုံးဝဖျက်သိမ်းထားပါသည်။ ဘရူနိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံများတွင် တရားဝင်သည် ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ၊ သေဒဏ်ကို တရားဝင် ဆိုင်းငံခြင်း ရှိပါသည်။

မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့သည် ယခုအချိန်အထိ သေဒဏ်ကို တက်ကြွစွာ ကျင့်သုံးနေကြဆဲ ဖြစ်ပါသည်။ သို့သော် သေဒဏ် ဖျက်သိမ်းခြင်းဆီသို့ ဦးတည်သွားနေသော ကမ္ဘာ့လမ်းကြောင်းသည် နောက်ပြန်သွားမည် မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် ပို၍ များပြားလာသော နိုင်ငံများမှ သေဒဏ်သည် လူသား ဂုဏ်သိက္ခာကို ပျက်ပြားစေပြီး လူ့အခွင့်အရေးများနှင့်လည်း မကိုက်ညီကြောင်း၊ အထူးသဖြင့် အသက်ရှင်   နေထိုင်ခွင့် ဟူသော လူ့အခွင့်အရေးများအားလုံးထဲမှ အရေးအကြီးဆုံး အခွင့်အရေးနှင့် လုံးဝ မကိုက်ညီကြောင်း အသိအမှတ်ပြုကြသောကြောင့် ဖြစ်ပါသည်။

အခြားသော အာဆီယံ အဖွဲ့ဝင် နိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်၃တွင် “လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြံုစိတ်ချခွင့် ရှိသည်”၊ အပိုဒ်၅တွင် “မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် မပေးရ” ဟု ဖော်ပြထားပါသည်။

သေဒဏ်ပေးခြင်းကို ထောက်ခံသောသူများမှ သေဒဏ်သည် ပြစ်မှုကို အဟန့်အတားအဖြစ် ဆောင်ရွက်သည်ဟု ငြင်းခုံဆွေးနွေးသော်လည်း ထိုအချက်ကို ထောက်ခံသည့် သက်သေ အထောက်အထား ရှင်းရှင်းလင်းလင်း မရှိချေ။

သို့ရာတွင် အင်ဒိုနီးရှား မူးယစ် အသုံးပြုသူ ကွန်ရက်မှ အချက်အလက်များအရ ဥပမာပေးရလျှင် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းအတွင် ပထမနှင့် ဒုတိယအကြိမ် ကွပ်မျက်မှုများ လုပ်ပြီးသောအခါ မူးယစ်ဆေးဝါး အသုံးပြုခြင်းသည် အမှန်တကယ် ထိုးတက်သွားခဲ့သည်။

ကမ္ဘာအနှံ့ သုတေသနများမှ တွေ့ရှိသည်မှာ သေဒဏ်သည် ဆင်းရဲသားများ၊ ပညာမတတ်သူများ၊ ဖယ်ကြဉ် ခံထားရသူများ၊ အသားအရောင် ခွဲခြားခံရသူများအပေါ် ပြင်းထန်စွာ ကျရောက်သည်။ ကြိုးတိုက်မှ အကျဉ်းသားများ ကျူးလွန်ခဲ့သော ထိခိုက်နစ်နာသူများထံသို့လည်း ပြည်ဖုံးကားချနိုင်မှုများ ယူဆောင် မပေးနိုင်ပေ။ မည်သည့်အတွက်ကြောင့် သေဒဏ်ကို ကျွနု်ပ်တို့ ဆက်လက် အသုံးပြုနေပါနည်း။

သေဒဏ် ဖျက်သိမ်းရေးအတွက် မဟာမိတ်အဖွဲ့ (Coalition for the Abolition of the Death Penalty or ‘CADPA’) ခေါ် ဒေသတွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ဒေသတွင်း မဟာမိတ်အဖွဲ့မှ နယူးယောက်မြို့တွင် အခြေစိုက်သော ဂျပန်ဓာတ်ပုံပညာရှင် တိုရှီ ကာဇာမာ၏ ဓာတ်ပုံများကို ပြပွဲငယ်တစ်ခုဖြင့် နိုဝင်ဘာလ ၁၁ရက်မှ ၁၃ရက်အထိ ခင်းကျင်းပြသခဲ့ပါသည်။

ဓာတ်ပုံပြပွဲသည် CADPAအဖွဲ့၏ “ပြစ်မှုကို အဆုံးသတ်၊ ဘဝကို အဆုံးမသတ်နဲ့” စည်းရုံးလှုံ့ဆော်ပွဲ၏ စိတ်ဝင်စားဖွယ် အကောင်းဆုံး တစ်ခု ဖြစ်ပါသည်။ တရားမျှတမှုဟူသော ခေါင်းစဉ်အောက်တွင် လူအများကို သေဒဏ် ကွပ်မျက်ခြင်း၏ အချည်းနှီးဖြစ်မှုကို ပြည်သူလူထု တေ့တေ့ဆိုင်ဆိုင် တွေ့မြင်ရစေရန် CADPAအဖွဲ့သည် အရှေ့တောင်အာရှ နိုင်ငံများအသင်း (သို့မဟုတ်) အာဆီယံ အဖွဲ့ဝင် ဆယ်နို်င်ငံလုံးတွင် ဓာတ်ပုံပြပွဲကို ခင်းကျင်းပြသသွားပါမည်။

မကြာသေးခင်က မြန်မာနိုင်ငံသည် တရားဥပဒေ စိုးမိုးရေးကို မြှင့်တင်မည့်၊ မြန်မာပြည်သူလူထု၏ လူ့အခွင့်အရေးများကို ကာကွယ်ပေးမည့် ဒီမိုကရေစီတစ်ရပ်ကို တည်ထောင်ရန် ရည်မှန်းချက်ကြီးသော လမ်းခရီးကို စတင်ခဲ့ပါသည်။ ဥရောပမှ ကျွနု်ပ်တို့သည် သေဒဏ်သည် အခြေခံကျသောလူ့အခွင့်အရေးများကို ချိုးဖောက်ခြင်းတစ်ခု၊ အသက်ရှင်နေထိုင်ခွင့်ကို အန္တိမ ပိတ်ပင်ခြင်းဟု ယုံကြည်ကြပါသည်။

ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံရေးခေတ်သစ်တစ်ရပ်သို့ ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအား စံနမူနာကောင်းအဖြစ် ဦးဆောင်ရန်၊ အသက်ရှင် နေထိုင်ခွင့်နှင့် သေဒဏ်ချမှတ်ခြင်းကို ဆန့်ကျင်ရေးအတွက် ကျွန်ုပ်ုိ့၏ တိုက်ပွဲတွင် လက်တွဲပါဝင်ရန် တစ်ကမ္ဘာလုံးမှ မျှော်လင့်စောင့်စား၊ ကြည့်ရှုနေကြပါသည်။ ဤနိုင်ငံအတွင်း ဖြေရှင်းရန် ခက်ခဲရှုတ်ထွေးသော ပြဿနာများစွာ ရှိသည့်အပြင် အစိုးရသည် စိန်ခေါ်မှု   မြောက်များစွာကို ရင်ဆိုင်နေရပါသည်။

အချို့သော ကိစ္စများတွင် ပြောင်းလဲမှုသည် နေ့ချင်းညချင်း ဖြစ်မလာပေ။ သို့သော် သေဒဏ် ဖျက်သိမ်းခြင်းသည် ဤခေတ်သစ်တွင် လူသား ဂုဏ်သိက္ခာနှင့် အခြေခံကျသော အသက်ရှင် နေထိုင်ခွင့်တို့ကို ဦးစားပေးကြောင်း ရိုးရှင်းသော်လည်း အားကောင်းသော သတင်းစကား တစ်ခု ဖြစ်ပေသည်။

(ဤဆောင်းပါး ရေးသားသူသည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ်ကြီး ရိုလွန် ကိုးဘီးယားဖြစ်သည်။)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly