ဘရာဇီးကို ရှုံးနိမ့်ခဲ့သော်လည်း အာဂျင်တီးနားအသင်း စည်းလုံးမှု ရှိနေဆဲဟု မက်ဆီပြော

ဘရာဇီးကို ရှုံးနိမ့်ခဲ့သော်လည်း အာဂျင်တီးနားအသင်း စည်းလုံးမှု ရှိနေဆဲဟု မက်ဆီပြော

နိုဝင်ဘာ ၁၁၊ ဘရာဇီး ။               ။ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ဘရာဇီးအသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်ရှုံးခဲ့ရသော်လည်း အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ၎င်းတို့အသင်းမှာ စည်းလုံးမှုရှိနေဆဲဟု ပြောဆိုလိုက်သည်။

ဘရာဇီးကို ရှုံးနိမ့်ခဲ့ရခြင်းသည် အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် လေးပွဲဆက် နိုင်ပွဲပျောက်ဆုံးမှု ဖြစ်သည်။ ပွဲစဉ် ၁၁ ပွဲကစားပြီးချိန်တွင် အာဂျင်တီးနားအသင်းမှာ အဆင့်ခြောက်   နေရာတွင် ရပ်တည်နေပြီး ထိပ်ဆုံးမှ ဘရာဇီးနှင့် ၈ မှတ်ကွာဟသွားပြီဖြစ်သလို အဆင့် ၅ မှ ချီလီနှင့် ၁ မှတ်ကွာဟနေသည်။

ဘရာဇီးနှင့်ပွဲအပြီးတွင် မက်ဆီက ‘ဒီရလဒ်ကို ကျွန်တော်တို့ မမျှော်လင့်ခဲ့ပါဘူး။ ပထမဂိုးပေးလိုက်ရတဲ့အထိ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပါသေးတယ်။ အခုတော့ ကိုလံဘီယာနဲ့ပွဲ အကြောင်းကိုပဲ စဉ်းစားရပါတော့မယ်။ ဒီလိုမျိုး အမှားတွေ ထပ်မှားလို့ မရတော့ပါဘူး။ အဝေးကွင်းအမှတ်တွေ ထပ်ဆုံးရှုံးလို့ မဖြစ်တော့ပါဘူး။

ဆိုးရွားတဲ့အခြေအနေမှာ ကောင်းတာတစ်ခုကတော့ ကျွန်တော်တို့ စည်းလုံးမှုနဲ့ ယုံကြည်မှု ရှိနေကြတုန်းပါ’ ဟု ပြောဆိုခဲ့သည်။

ထို့အပြင် မက်ဆီက ယခုအခြေအနေဆိုးများမှ ရုန်းထွက်နိုင်ရန် ပိုမိုသန်မာဖို့လိုအပ်ကြောင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လိုသည့် တူညီသောစိတ်ဆန္ဒများကြောင့် အာဂျင်တီးနားအသင်းသားများမှာ ယနေ့တွင် ပိုမိုစည်းလုံးလာကြကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly