ဒေါ်နယ်ထရန့်ရဲ့ ဇာတိပြ စကားကြီး ဆယ်ခွန်း

ဒေါ်နယ်ထရန့်ရဲ့ ဇာတိပြ စကားကြီး ဆယ်ခွန်း

ရီပတ်ဘရီကန်မှ ဒေါ်နယ်ထရန့်က အမေရိကန် သမ္မတသစ်အဖြစ် အရွေးခံခဲ့ရပါပြီ။ ဒါပေမယ့် ဘဲဥပုံရုံးခန်းကနေပြီး ထရန့်တစ်ယောက် ဘာတွေများ ဖော်ဆောင်လုပ်ကိုင်တော့မယ်ဆိုတာ ဘယ်သူမှ ကျိန်းသေမသိနိုင်သေးပါဘူး။

စီးပွားရေးသမားတစ်ဖြစ်က နိုင်ငံရေးသမားအဖြစ် ပြောင်းလဲလာသူ ထရန့်က မဲဆွယ်ကာလတစ်လျှောက် အငြင်းပွားစရာ စကားစများစွာကို ချန်ထားခဲ့သူတစ်ဦးပါ။

သမ္မတသစ် ထရန့် ပြောဆိုခဲ့သမျှမှာ ယခု စကားကြီး ဆယ်ခွန်းကတော့ သူ့ရဲ့ ယုံကြည်ရပ်တည်ချက်ကို ပြသနိုင်မယ်လို့ ဇာတိကောက်ကြောင်းဖော်လိုက်ပါတယ်။

၁။ ၉/၁၁ တိုက်ခိုက်မှုကြီးကို အမေရိကန်ရောက် အာရတ်နွယ်တွေက ကောင်းချီးပေးနေ

၂၀၀၁ စက်တင်ဘာ ၁၁ ရက် အချိန်က လေယာဉ်နှစ်စင်းနဲ့ အမြွာမျှော်စင်ကို ဝင်တိုက်ခံရပြီးနောက်မှာ နယူးဂျာစီမှာ အမေရိကန်ရောက် အာရတ်နွယ်ဖွားတွေ ထောင်ပေါင်းများစွာဟာ အခမ်းအနားတွေ ကျင်းပနေခဲ့တယ်လို့ ဒေါ်နယ်ထရန့်က အကြိမ်ကြိမ်ပြောထားဖူးပါတယ်။ ဒါက အမေရိကန်ရောက်  မွတ်စလင်တွေအကြောင်းကို ပြောပြနေတာပါပဲလို့ ထရန့်က ဆိုပါတယ်။ ဒါပေမယ့် သူ့အပြောကို အတည်ပြုနိုင်တဲ့ မီဒီယာသတင်းတွေကတော့ စာမျက်နှာတွေပေါ်မှာ ရှိမနေခဲ့ပါဘူး။

၂။ ရေစက်ချခြင်းကို အမေရိကန် ကျင့်သုံးသင့်

မျက်နှာကို အဝတ်စည်းပြီး ရေစက်ချစစ်ဆေးခြင်းဟာ ပြင်းထန်တဲ့ စစ်ကြောရေးနည်းလမ်းတစ်ခုပါပဲ။ ဒါကို အိုင်အက်စ်များအပေါ် ချေမှုန်းရာမှာ အမေရိကန်က ကျင့်သုံးသင့်တယ်လို့ ထရန့်က ဆိုပါတယ်။ “ဒီလို ရေစက်ချ စစ်ဆေးတဲ့ နည်းလမ်းတွေက စစ်သွေးကြွတွေ လုပ်နေတဲ့ ခေါင်းဖြတ်တာလို အမူအကျင့်တွေနဲ့ ယှဉ်ကြည့်ပါလား။ တကယ့်ကို အသေးအဖွဲလေးပါ။ ကျွန်တော်ကတော့ ဒါကို တော်တော်လေး ထောက်ခံသဘောကျပါတယ်။ ထင်သလောက်လည်း ကြမ်းတမ်းတဲ့ စစ်ကြောရေးနည်းစနစ်မဟုတ်ပါဘူး။”ဟု ထရန့်က ပြောထားပါတယ်။

၃။ မဟာ့ မဟာတံတိုင်းအတွက် မက္ကဆီကိုက အကုန်အကျခံသင့်

သမ္မတဖြစ်လို့ ပထမနေ့တွေမှာပဲ မက္ကဆီကိုနယ်စပ်ကို တံတိုင်းကြီး ခတ်ပစ်လိုတယ်လို့ ထရန့်က ဆိုထားပါတယ်။ ဒီတံတိုင်းကုန်ကျစရိတ်ကိုလည်း မက္ကဆီကိုကပဲ ကျခံရမယ်လို့ ပြောပါတယ်။ အစောပိုင်း ရွေးကောက်ပွဲ မဲဆွယ်စကားတွေမှာ ထရန့်က မက္ကဆီကိုက လူတွေက အမေရိကန်နိုင်ငံထဲကို လာရောက်နေကြပြီး ရာဇဝတ်မှုတွေ၊ မုဒိမ်းမှုတွေ ကျုးလွန်နေတယ်လို့ ပြောထားပါတယ်။ ဒီနယ်စပ်တံတိုင်း ခတ်ရင် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၂ ဘီလီယံနဲ့ ၁၃ ဘီလီယံကြား ကုန်ကျမယ်လို့ ဘီဘီစီက အကဲဖြတ်တွေက ခန့်မှန်းတွက်ချက်ထားပါတယ်။

၄။ မွတ်စလင်တွေကို အမေရိကန်က တံခါးပိတ်ထားသင့်

ကယ်လီဖိုးနီးယားမှာ အစွန်းရောက်တိုက်ခိုက်မှုတွေဖြစ်သွားတဲ့အချိန်မှာ ဒေါ်နယ်ထရန့်က ခုလိုလည်း ရေးသားခဲ့ပါသေးတယ်။ “အဖြစ်အပျက်တွေကို ထိန်းနိုင်တဲ့အထိ အမေရိကန်နိုင်ငံတွင်းကို မွတ်စလင်များ ဝင်ရောက်တာကနေ တံခါးပိတ်ထားရမယ်။”လို့ ရေးသားခဲ့ပါတယ်။

နောက်တော့ လေသံတစ်မျိုးပြောင်းခဲ့ပြီး အစွန်းရောက်အကြမ်းဖက် သမိုင်းနောက်ခံရှိတဲ့ အန္တရာယ်ပေးနိုင်တဲ့ နယ်မြေဒေသတွေက လာရောက်သူတွေကို ယာယီပိတ်ထားရမယ်လို့ ဆိုခဲ့ပါတယ်။

၅။ ရာသီဥတုပြောင်းလဲမှုဆိုတာလည်း ရာသီဥတုတစ်ရပ်ပဲ

သန့်ရှင်းတဲ့ လေ၊ သန့်ရှင်းတဲ့ ရေကို ရေရှည်ထိန်းသိမ်းနိုင်ရေး အရေးကြီးတယ်လို့ ထရန့်က ယုံကြည်လက်ခံပေမယ့် ရာသီဥတုပြောင်းလဲမှုဆိုတာကို ထွင်လုံးတစ်ရပ်လို့ သဘောထားသူပါ။ စီးပွားရေးလုပ်ငန်းတွေအပေါ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကန့်သတ်ချက်တွေက ကမ္ဘာ့စျေးကွက်နေရာမှာ ယှဉ်ပြိုင်မှုနည်းသွားအောင် လုပ်နေတာလို့ ယူဆထားပါတယ်။ “ကျွန်တော်ကတော့ ဒါက အန္တရာယ်ပေးလာလိမ့်မယ်လို့ မထင်ဘူး။ ဘယ်သူမှလည်း အတိအကျမသိနိုင်ပါဘူး။”လို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်နဲ့ပတ်သက်ပြီး စီအင်န်အင်န်ကို ပြောခဲ့ပါတယ်။

၆။ ဆမ်ဒမ်ဟူစိန်နဲ့ မာမွတ်ကဒါဖီ အာဏာရှိဆဲဆို ကမ္ဘာ့က ပိုကောင်းလာလိမ့်မယ်

လစ်ဗျားနဲ့ အီရတ်က အခြေအနေတွေအပေါ် ပြောဆိုခဲ့ရာမှာတော့ ခေါင်းဆောင်တွေဖြစ်တဲ့ ကဒါဖီနဲ့ ဆမ်ဒမ်ဟူစိန်တို့ ရှိတဲ့အချိန်ကထက် ပိုမိုဆိုးဝါးနေတယ်လို့ ထင်ကြောင်း ထရန့်က စီအင်န်အင်န်ကို ပြောခဲ့ပါတယ်။ ဆမ်ဒမ်ဟူစိန်က တကယ်ဆိုးဝါးတဲ့သူတစ်ဦး ဖြစ်တယ်ဆိုတာကို ထရန့်က ဝန်ခံပေမယ့် အစွန်းရောက်တွေကို တိုက်ရာမှာတော့ ကောင်းကောင်းလုပ်နိုင်စွမ်းခဲ့သူဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

၇။ ဆီးရီးယားဒုက္ခသည်တွေက ထရိုဂျန်မြင်း ဖြစ်လာနိုင်

ပါရီတိုက်ခိုက်မှုကို အစွန်းရောက် လက်တစ်ဆုပ်စာက ကျုးလွန်တယ်ဆိုရင်တောင် ရွှေ့ပြောင်းဝင်ရောက်သူတွေက ကြီးကြီးမားမား ပျက်စီးမှုကို ဖြစ်စေနိုင်ကြောင်း သက်သေပြနေတာပါပဲလို့ ထရန့်က ပြောဆိုရင်းက အမေရိကန်နိုင်ငံအတွင်းမှာ မည်သည့်ဆီးရီးယားကိုမှ နေရာချထားပေးတာကို ကန့်ကွက်သွားမယ်လို့ ပြောထားပါတယ်။ ရောက်ရှိနေတဲ့ ပြန်လည်နေရာချထားပေးသူတွေကိုလည်း နိုင်ငံက ထွက်ခွာခိုင်းမယ်လို့ ပြောထားသူပါ။ ဒီလို တိုင်းပြည်ကနေ နှင်ထုတ်ရမယ်ဆိုတဲ့အပေါ် လက်ရှိအထိ ယုံကြည်လက်ခံထားဆဲလားဆိုတာကိုတော့ မကျိန်းသေ မသေချာပေမယ့် ဆီးရီးယားဒုက္ခသည်တွေ နိုင်ငံတွင်း ဝင်ရောက်မှုကိုတော့ ရပ်တန့်ပစ်ဖို့ စိတ်ပိုင်းဖြတ်ထားဆဲရှိနေသူပါ။

၈။ တိုကျိုနဲ့ ဆိုးလ်တို့က နျူကလီးယားလက်နက်သိုက်များ တည်ဆောက်သင့်

ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတွေက အမေရိကန်အပေါ်မှာ အားကိုးမနေသင့်ပဲ ကိုယ်ပိုင်လက်နက်တွေ ရှိထားဖို့ ထရန့်က ပြောပါတယ်။

၉။ လူမည်းအရေးလှုပ်ရှားမှုများက ပြဿနာ

ရဲပစ်ခတ်တာကြောင့် လူမည်းများ သေဆုံးခဲ့ခြင်းအပေါ် ဆန္ဒပြကြသူတွေကို တောင်းပန်စကားဆိုတဲ့ မယ်ရီလန်းမြို့တော်ဝန် မာတင်အိုမယ်လေးကိုလည်း ထရန့့်က ရယ်သွမ်းသွေးဖူးပါတယ်။ လူမည်းများစတင်ဖွဲ့စည်းတဲ့ အကြမ်းဖက်မှုတွေ၊ အသားအရောင်ခွဲခြားမှုတွေကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့ Black Lives Matter ကိုလည်း “ပြဿနာတွေ သက်သက် လိုက်ရှာနေတယ်လို့ ထင်ကြောင်း” ထရန့်က ပြောဖူးပါတယ်။ ဒါ့အပြင်လည်း အငြင်းပွားစရာဖြစ်ပြီး မှန်ကန်မှုလည်း မရှိတဲ့ လူမည်းက လူဖြူကို သတ်မှု၊ လူဖြူက လူမည်းကို သတ်မှု၊ ရဲက လူဖြူကို သတ်မှု၊ ရဲက လူမည်းကို သတ်မှု နှုန်းထားဇယားကိုလည်း တွစ်တာပေါ်မှာ ဖော်ပြခဲ့ပါတယ်။ ဒီဇယားမှာတော့ လူဖြူက လူမည်းကို သတ်မှုက ၂ ရာခိုင်နှုန်း ရှိပြီး လူမည်းက လူဖြူကို သတ်မှုက ၈၁ ရာခိုင်နှုန်း ရှိကြောင်း ၂၀၁၅ အမေရိကန်ရဲ့ ရာဇဝတ်မှု စာရင်းဇယားအဖြစ် ထရန့်က တွစ်တာပေါ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

၁၀။ ဆယ်ဘီလီယံ ချမ်းသာတယ်။

ထရန့်ရဲ့ စာမျက်နှာ ၉၂ မျက်နှာရှိ ကိုယ်ပိုင်ဘဏ္ဍာရေးဖော်ပြချက် ပုံစံကို အခြေခံပြီး ပြီးခဲ့တဲ့နှစ်က Bloomberg က တွက်ချက်ခဲ့ရာမှာ အိမ်ခြံမြေထိပ်သီးလုပ်ငန်းရှင်ကြီး ထရန့်က အမေရိကန်ဒေါ်လာ ၂ ဒဿမ ၉ ဘီလီယံ ကြွယ်ဝသူဖြစ်ကြောင်း ဖော်ပြထားပြီး Forbes က မကြာသေးမီက ဖော်ပြရာမှာတော့ ထရန့်ရဲ့ အသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၃ ဒဿမ ရ ဘီလီယံ ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒေါ်နယ်ထရန့်ကတော့ သူက အမေရိကန်ဒေါ်လာ ဆယ်ဘီလီယံထက် ပိုချမ်းသာကြောင်း ထုတ်ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly