ရခိုင်အမျိုးသားပါတီမှ ခွဲထွက် ပါတီသစ် မူဝါဒ ရေးဆွဲရေး လုပ်ငန်းစဉ်များ ဒီဇင်ဘာတွင် စတင်မည်

ရခိုင်အမျိုးသားပါတီမှ ခွဲထွက် ပါတီသစ် မူဝါဒ ရေးဆွဲရေး လုပ်ငန်းစဉ်များ ဒီဇင်ဘာတွင် စတင်မည်
 ရခိုင်အမျိုးသားပါတီအဖြစ် ပူးပေါင်းရန် ပြင်ဆင်နေစဉ်က နှစ်ဘက်သောပါတီခေါင်းဆောင်များကို ၂၀၁၃ ခုနှစ် ဇွန်လက တွေ့ရစဉ်။

ရန်ကုန်၊ နို၀င်ဘာ ၁၀ ။            ။ ရခိုင်အမျိုးသားပါတီ ANP မှ ခွဲထွက်လာသည့် ပါတီထိပ်သီးခေါင်းဆောင်များအနေနှင့် ပါတီသစ် မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်များကို လာမည့် ဒီဇင်ဘာလတွင် စတင်ရေးဆွဲရန် စီစဉ်နေကြောင်း ပါတီသစ်တည်ထောင်ရေး ဦးဆောင်ကော် မတီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

“ ဦးဆောင်ကော်မတီဝင်တွေ ပြန်တွေ့မှာပါ။ ကော်မတီဆိုတာကလည်း ကျောက်တော်ကနေ ရွေးချယ်ခဲ့တဲ့သူတွေ။ ခု ပါတီရဲ့ မူဝါဒ၊ တာဝန်ခွဲဝေမှုအပိုင်းတွေ စီမံခန့်ခွဲမှုတွေကို ဒီဇင်ဘာလအတွင်းမှာ တွေ့ပြီး ဆွေးနွေးမှာပါ ” ဟု ၎င်းက ဆို သည်။

လာမည့် အစည်းအဝေးကို ရခိုင်ပြည်နယ် တောင်ပိုင်းမှ မြို့နယ်တစ်ခုတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပါတီသစ်၏ အမည်ကိုပါ ဆုံးဖြတ်သွားမည် ဖြစ်သည်။

အောက်တိုဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့ထိ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ပြုလုပ်ခဲ့သော “ရခိုင်ပြည်နိုင်ငံ ရေး ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး” မှ ရခိုင်အမျိုးသား အကျိုးစီးပွားကို   ရှေးရှုပြီး ရခိုင်အမျိုးသားညီညွတ်ရေးကို ဆောင်ရွက်နိုင်ရန် သီးခြားပါတီတစ်ခု ထူထောင်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ထို အစည်းအဝေးကို ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက်ခေါင်းဆောင်များ စုစုပေါင်း ၂၀၀ ခန့်က တက်ရောက်ခဲ့ပြီး ပါတီသစ် ဖွဲ့စည်းရန် ရခိုင်ပြည်နယ် မြို့နယ် (၁၅) ခုမှ ကိုယ်စားပြု (၁၁) ဦး ပါ၀င်သည့် ဦးဆောင်ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ပြီး ယခုအခါ ဦးဆောင်ကော်မတီဝင် အင် အား ၃၀ ကျော်ခန့် ရှိပြီဟု ဦးမျိုးကျော်က   ပြောသည်။

ရခိုင်အမျိုးသားပါတီသည် ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှင့် ဥက္ကဌ ဦးအေးသာအောင် ဦးဆောင်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD တို့ကို ပေါင်းစည်းထားခြင်းဖြစ်ပြီး ယခု ပါတီသစ်ကို ထူထောင်သူများသည် ALD အင်အားစုများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly