ရခိုင်ကို ရောက်ရှိနေသည့် ဒိန်းမတ်သံအမတ်နှင့် ဒေသခံ မူဆလင်တို့ နိုင်ငံသားစီစစ်ရေး ကတ်ကိစ္စ ဆွေးနွေး

ရခိုင်ကို ရောက်ရှိနေသည့် ဒိန်းမတ်သံအမတ်နှင့် ဒေသခံ မူဆလင်တို့ နိုင်ငံသားစီစစ်ရေး ကတ်ကိစ္စ ဆွေးနွေး

စစ်တွေ၊ နို၀င်ဘာ ၁၀ ။               ။ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီး H.E. Mr.Peter Lysholt Hansen နှင့် သံရုံး ဒုတိယအကြီးအကဲ Ms.Dorte Chrotsen တို့သည် ရခိုင်ပြည်နယ်ကို နို၀င်ဘာ (၇) ရက်နေ့တွင် ရောက်ရှိလာပြီး ပြည်နယ် အစိုးရအဖွဲ့၏ စီးပွားဖွံ့ဖြိုး စီ မံကိန်းရေးဆွဲမှုနှင့် အကြမ်းဖက်မှုများအပေါ် စီမံဆောင်ရွက်နေမှုတို့ကို ဆွေးနွေးခဲ့ပြီး နို၀င်ဘာ (၁၀) ရက်နေ့ တွင် စစ် တွေမြို့ရှိ မူဆလင်ဒုက္ခသည် စခန်းများကို သွားရောက်ခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် မောင်တောအကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့် နိုင်ငံသား စီစစ်ရေးကိစ္စတို့ကို အဓိက ဆွေး နွေးခဲ့ကြကြောင်း သံအမတ်အဖွဲ့နှင့် တွေ့ဆုံခဲ့ရာတွင် ပါ၀င်သူ သက္ကေပြင် ကျေးရွာနေ ဦးကျော်လှအောင်က ပြောသည်။

“ ၁၈၂၃ မတိုင်ခင် ကတည်းကနေ ကျွန်တော်တို့ ဒီနိုင်ငံမှာ နေလာခဲ့ကြတာ၊ ဘာကြောင့် NVC ကို ကိုင်ရမှာလဲပေါ့။ အဲ ဒါပြီးတော့ နောက်တစ်ချက်က ဘာလဲဆိုရင်  နိုင်ငံသား စိစစ်မယ်လို့ ပြောတယ်။ ဒီကတ်ဟာ ကျွန်တော်တို့ အတွက်ပဲ လား။ ဒါမှမဟုတ်  နိုင်ငံသားလျှောက်တဲ့ အခါမှာ တခြားသော တိုင်းရင်းသားတွေရော ပါလားဆိုပြီး တင်ပြတယ်၊ အထူး သဖြင့် ကျွန်တော်တို့ အတွက်ပဲဆိုရင် ကျွန်တော်တို့ ခွဲခြားခံနေရတာပေါ့” ဟု ၎င်းကဆိုသည်။

မူဆလင်များ၏ တင်ပြချက်များနှင့် ပတ်သက်၍ ဒိန်းမတ်သံအမတ်အဖွဲ့အနေဖြင့် မည်သည့်ဘက်ကိုမှ လိုက်၍ ဆုံးဖြတ် သွားမည်မဟုတ်ကြောင်းနှင့် စေ့စပ်ညှိနှိုင်းရေးသမားတစ်ဦးအနေဖြင့်သာ ရပ်တည်မည်ဟု ပြောကြားခဲ့ကြောင်း တွေ့ဆုံခဲ့ ရာတွင် ပါ၀င်ခဲ့သူ မူဆလင်လူငယ်ကွန်ရက်မှ ဦးတင်လှိုင်က ပြန်ပြောပြသည်။

“ နစ်ဘက်လက်ခံနိုင်တဲ့ အဖြေတစ်ခု ရှာသွားမယ်လို့ ပြောသွားတယ်။ ဒီကိစ္စတွေကို မြန်မြန်ပြီးဆုံးသွားစေချင်တယ်လို့ ပြောတယ်၊ မောင်တော အကြမ်းဖက်မှုဖြစ်စဉ်ကို သူလည်း ကန့်ကွက်တယ်ပေါ့။ တရားဥပဒေ စိုးမိုးရေးအတွက် အကုန်လုံး ပူးပေါင်းပါဝင်ရမယ်လို့ ပြောတယ်” ဟု ဦးတင်လှိုင်က ပြောသည်။

စစ်တွေမြို့ပေါ်တွင် NVC ကတ် လျှောက်ထားသူ ၄၈ ဦးရှိပြီး အစိုးရအဖွဲ့ဘက်မှ ယခုကိစ္စအပေါ် မည်သည့်တုံ့ပြန်မှုမှ မလုပ်ဆောင်သေးကြောင်းလည်း ဦးတင်လှိုင်က ဆိုသည်။

ဒိန်းမတ်သံအဖွဲ့သည် နို၀င်ဘာ ၉ ရက်နေ့က စစ်တွေမြို့ရှိ ရခိုင်လူမှုအဖွဲ့အစည်းများမှ အရပ်ဘက် ခေါင်းဆောင်များနှင့် လည်း တွေ့ဆုံခဲ့ပြီး မောင်တောတိုက်ခိုက်မှုများအပေါ် ဆွေးနွေးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly