မန်ယူတွင် နေရာရရန် တိုက်ပွဲဝင်သွားမည်ဟု အမ်ခီတာရန် ပြောကြား

မန်ယူတွင် နေရာရရန် တိုက်ပွဲဝင်သွားမည်ဟု အမ်ခီတာရန် ပြောကြား
 

နိုဝင်ဘာ ၁၀၊ အင်္ဂလန် ။                      ။ နည်းပြမော်ရင်ဟို၏လက်အောက်တွင် ပထမကစားသမား နေရာရရှိရန် ရုန်းကန်နေရသည့် အာမေးနီးယန်းကွင်းလယ်တိုက်စစ် ကစားသမား အမ်ခီတာရန်က မန်ယူအသင်းတွင် နေရာရရှိရန် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်နှစ်က ဘွန်ဒက်စ်လီဂါတွင် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည့် အမ်ခီတာရန်သည် နည်းပြမော်ရင်ဟို၏လက်အောက်တွင် ပွဲထွက်ကစားသမားအဖြစ် တစ်ကြိမ်သာ ပွဲထွက်ခွင့်ရရှိသေးသည်။ ပြီးခဲ့သည့်ဖီနာဘာချီနှင့်ယူရိုပါလိဂ်ပွဲတွင် လူစားလဲပါ၀င်ခွင့်ရခဲ့သော်လည်း ဆွမ်ဆီးနှင့်ပွဲတွင် ကစားသမားစာရင်းမှ ချန်လှပ်ခံခဲ့ရပြန်သည်။

အမ်ခီတာရန်က ‘ကွင်းထဲမှာ အချိန်အကြာကြီးကစားခွင့်မရဘူးဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်လုံးဝလက်လျှော့မှာ မဟုတ်ပါဘူး။ ကျွန်တော့်ကစားသမားဘဝမှာ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရပါတယ်။ မန်ယူမှာ ကစားခွင့်ရဖို့အတွက် ခရီးအရှည်ကြီး လျှောက်ခဲ့ရတာပါ။ မန်ယူနဲ့အတူအောင်မြင်လိုတဲ့ အိပ်မက်တွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာပါ’ ဟု ပြောဆိုခဲ့သည်။

နည်းပြမော်ရင်ဟိုကလည်း အမ်ခီတာရန်ကို အသင်းလူစာရင်းမှ ချန်ထားရန် အစီအစဉ်မရှိကြောင်းဆိုခဲ့သော်လည်း ၎င်းအနေဖြင့် ယခုထက်ပို၍ စွမ်းဆောင်ပြရန်လိုကြောင်း ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly