ထရန့်၏ သမ္မတအဖြစ် ရွေးကောက်ခံရခြင်းအပေါ် အမေရိကန်လမ်းမများတွင် ပြည်သူထောင်ပေါင်းများစွာ ဆန္ဒပြ

ထရန့်၏ သမ္မတအဖြစ် ရွေးကောက်ခံရခြင်းအပေါ် အမေရိကန်လမ်းမများတွင် ပြည်သူထောင်ပေါင်းများစွာ ဆန္ဒပြ

နယူးယောက်၊ နိုဝင်ဘာ ၁၀ ။           ။ ရွေးကောက်ပွဲ မဲဆွယ်ကာလက ရွှေ့ပြောင်းဝင်ရောက်သူများ၊ မွတ်စလင်များနှင့် အခြားသော အုပ်စုများအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများကြောင့်   ဒေါ်နယ်ထရန့်အား သမ္မတအဖြစ် ရွေးကောက်ခံရချိန်တွင် အမေရိကန်နိုင်ငံတစ်ဝှမ်း လမ်းများပေါ်၌ ပြည်သူထောင်ပေါင်းများစွာက ဆန့်ကျင်ဆန္ဒပြကြသည်။

နိုဝင်ဘာ ၉ ရက် ညနေပိုင်းက မန်ဟန်တန်မြို့လယ် လမ်းများတွင် ထောင်ပေါင်းများစွာသော ပြည်သူများက စုရုံးဆန္ဒပြသကဲ့သို့ ပန်းခြံတစ်ခုတွင်လည်း ဒေါ်နယ်ထရန့်က ကျွန်တော်တို့ရဲ့ သမ္မတ မဟုတ်ဘူး အော်ဟစ်ကာ ဆန္ဒပြမှုလည်း ရှိခဲ့သည်။

ချီကာဂိုတွင် အကြမ်းဖျင်းအားဖြင့် အင်အား ၁၀၀၀ နီးပါးရှိသည့် ပြည်သူများက Trump International Hotel ရှေ့တွင် စုရုံးပြီး “ထရန့် အလိုမရှိ၊ KKK (Ku Klux Klan ဆိုသည့် လူမျိုးရေးခွဲခြားသည့် အဖွဲ့) အလိုမရှိ၊ ဘာသာရေးခွဲခြားသည့် အမေရိကန်အလိုမရှိ”ဟု ကြွေးကြော်ဆန္ဒပြသြည်။ ယင်းနေရာရှိ လမ်းများကို ရဲက ပိတ်တားထားရသည်။

“ဒီနိုင်ငံအတွင်းမှာ ဘာတွေဖြစ်လာတော့မလဲဆိုပြီး ကျွန်တော်တော့ တော်တော်လေး စိုးကြောက်နေမိတယ်။”ဟု အသက် ၂၂ နှစ်အရွယ် အဒရီယာနာရီဇိုဆိုသည့် ဆန္ဒပြသူတစ်ဦးက ဆိုသည်။

မက္ကဆီကိုနယ်စပ်တွင် တံတိုင်းကာရံမည်ဆိုသည့် ထရန့်၏ မူဝါဒအပေါ်လည်း ဆန့်ကျင်ဆန္ဒပြကြခြင်းဖြစ်သည်။

ယခုဆန္ဒပြမှုများနှင့် ပတ်သက်ပြီး ထရန့်၏ ကိုယ်စားလှယ်များထံမှ လတ်တလောထင်မြင်တုံ့ပြန်ချက် ပြောကြားခြင်း မရှိသေးပေ။ ရွေးကောက်ပွဲအနိုင်ရမိန့်ခွန်း၌ ထရန့်က အမေရိကန်အားလုံး၏ သမ္မတဖြစ်လာခဲ့ပြီ ဆိုလျက် “တစ်ခုတည်းသော ပြည်သူများအဖြစ် စုစည်းကြရမယ့် အချိန်ပဲဖြစ်ပါတယ်။”ဟု ပြောခဲ့သည်။

ယခုလအစောပိုင်းက Ku Klux Klan သတင်းစာက ထရန့်အား ထောက်ခံကြောင်း ကြေညာခဲ့ရာ ထရန့်၏ မဲဆွယ်စည်းရုံးရေးတာဝန်ရှိသူများက ထိုထောက်ခံချက်ကို ပယ်ချလိုက်ပြီး မည်သည့်အမုန်းတရားပုံစံမျိုးကိုမဆို ရှုတ်ချသည်ဟု ပြောဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly