ရခိုင်က ကယ်ဆယ်ရေးစက်လှေ မီးလောင်ပျက်ဆီး

ရခိုင်က ကယ်ဆယ်ရေးစက်လှေ မီးလောင်ပျက်ဆီး

စစ်တွေ၊ နို၀င်ဘာ ၉ ရက်။         ။ ကယ်ဆယ်ရေးရိက္ခာထောက်ပံ့ပစ္စည်းများ တင်ဆောင်လာသည့် စက်လှေတစ်စီး ယနေ့ နေ့လည်က ကုလားတန်မြစ်အတွင်း မီးလောင်ပျက်ဆီးသွားခဲ့သည်။

အစ်ဇော (မီးခိုး) ပိုက်မှ တဆင့် အပူလွန်ကဲကာ စက္ကူဖာကြားများသို့ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး စစ်တွေမီးသတ် တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းများက ညနေ ၃ နာရီခွဲအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

စက်လှေမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် တိမ်းရှောင်နေကြရသည့် ပေါက်တောမြို့ရှိ ဒုက္ခသည်များအတွက် ရိက္ခာများ တင်ဆောင်လာခဲ့စဉ် မီးလောင်ခဲ့ခြင်း ဖြစ်သည်။

“ပထမ ကျွန်တော်တို့ စမြင်တော့ ဘယ်လိုလုပ်ရမှန်းမသိဘူး၊ ရေထဲမှာဆိုတော့ ခရီးသည် လိုင်းဘုတ်ထင်နေတာပါ။ နောက်မှ ကုန်ပစ္စည်းတင်တဲ့ စက်လှေမှန်း သိလိုက်တာ၊ အဝေးကနေမြင်ရတော့ မီးခိုးတွေ အူနေတာပဲ၊ မီးသတ် ရောက်လာတော့ သူတို့က ကူးတို့လှေနဲ့ သွားငြိမ်းတာ” ဟု စစ်တွေ၊ မိဇံရပ်ကွက်မှ စက်လှေ မီးလောင်ကျွမ်းနေသည်ကို မြင်ခဲ့ရသူက ပြောသည်။

စက်လှေအမည်မှာ Double Great Co. ltd ဖြစ်သည်။

 “ပေါက်တောမြို့ အနောက်ဘက် ကယ်ဆယ်ရေးစခန်းကို သွားပို့တာလို့ သိရပါတယ်၊ မီးဖိုချောင်သုံးပစ္စည်းတွေပါ၊ ဆုံးရှုံးမှုက မြန်မာကျပ်ငွေ တစ်သိန်းလောက်ရှိတယ်လို့ သိရပါတယ်။ လူတွေတော့ ထိခိုက်မှုမရှိပါ" ရခိုင်ပြည်နယ်  မီးသတ်ဦးစီးဌာနမှူး ဦးစံရွှေထွန်းက ပြောသည်။

၂၀၁၆ ဇူလိူင်လ၂၈ ရက်ကလည်း မင်းပြားမြို့နယ်အတွင်းရှိ ရေဘေးဒုက္ခသည်များကို စားနပ်ရိက္ခာသွားပို့သည် WFP မှ စက်လှေတစ်စီး စက်ချို့ယွင်းပြီး ရပ်နားထားစဉ် နစ်မြုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly