ထရန့်က အနိုင်ရမိန့်ခွန်းပြောကာ ဟီလာရီက နှုတ်ဆိတ်နေ

ထရန့်က အနိုင်ရမိန့်ခွန်းပြောကာ ဟီလာရီက နှုတ်ဆိတ်နေ
ဒေါ်နယ်ထရန့် အောင်ပွဲရမိန့်ခွန်းပြောစဉ်။

နယူးယောက်၊ နိုဝင်ဘာ ၉ ။             ။ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် မဲရေတွက်မှုများ၌ ပြည်နယ်လေးပြည်နယ် မဲရေတွက်ရန် ကျန်ရှိသေးချိန်တွင်   ဒေါ်နယ်ထရန့်က အနိုင်ရ မဲအရေအတွက် ပဥ္စလက်ဂဏန်း ၂၇၀ ကို ကျော်လွန်ကာ ၂၈၈ မဲရရှိပြီး ဟီလာရီကလင်တန်က ၂၁၅ မဲရသဖြင့် ဒေါ်နယ်ထရန့်က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရကြောင်း စီအင်န်အင်န်သတင်းတွင် ဖော်ပြသည်။

အနိုင်ရထရန့်အနေဖြင့် ပြိုင်ဖက်ဖြစ်သူ ဟီလာရီကလင်တန်အား ချီးမွှမ်းစကားလည်း ဆိုကာ လက်တွဲလုပ်ဆောင်သွားမည်ဟုလည်း ပြောသည်။

မဲရေတွက်နေချိန် ထရန့်ဖက်က အလေးသာလျက်ရှိစဉ်၌ ဟီလာရီ၏ မဲဆွယ်စည်းရုံးရေးတာဝန်ရှိသူများက ဟီလာရီအနေဖြင့် ယနေ့ညတွင် လူထုထံ မိန့်ခွန်းပြောဖို့ မရှိကြောင်း ကြေညာသည်။

ထရန့်၏ မဲဆွယ်စည်းရုံးရေး မန်နေဂျာဟောင်းနှင့် စီအင်န်အင်န်မှ နိုင်ငံရေးသုံးသပ်ချက်တင်ဆက်သူ Corey Lewandowski က ဟီလာရီအနေဖြင့် အရှုံးကို ကြေညာရန် တောင်းဆိုလိုက်သည်။

ဟီလာရီအား ထောက်ခံသူများ မဲရေတွက်မှု ဆုံးရှုံးနိမ့်လာချိန် ငိုကြွေးနေစဉ်။

“ကျွန်တော် ကတိပေးပါတယ်။ ခင်ဗျားတို့ကို စိတ်မပျက်စေရဘူး။ ကြီးကြီးမားမား လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။”ဟု ထရန့်က ထောက်ခံသူများအား ပြောသည်။

ထရန့်အား အားပေးထောက်ခံသူများ အောင်ပွဲခံစဉ်။

မိန့်ခွန်းအပြီး ဒေါ်နယ်ထရန့်က ဘေးတွင် ဇနီးဖြစ်သူ မီလန်နီယာထရန့် ဘေးတွင် ခြံရံလျက် ထောက်ခံသူများအား လိုက်လံနှုတ်ဆက်သည်။ မီလန်နီယာထရန့်အနေဖြင့် ၁၈၂၀ ခုနှစ်များနောက်ပိုင်း ပထမဆုံး တိုင်းတစ်ပါးတွင် မွေးဖွားသည့် သမ္မတကတော်လည်း ဖြစ်လာမည်ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ အလုပ်က ခုချိန်ကနေပြီး စတင်ပါပြီ။ အမေရိကန်ပြည်သူတွေအတွက် ကျွန်တော်တို့ တာဝန်ထမ်းဆောင်သွားပါ့မယ်။”ဟု ၎င်းက ဆိုသည်။

၎င်း၏ မိန့်ခွန်းအပိတ်အား ထရန့်က “ဒီနိုင်ငံကို ကျွန်တော်ချစ်တယ်။”ဟု ပြောလျက် ကျေးဇူးတင်စကားဖြင့် ပိတ်သိမ်းသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly