လော်မီးနေသည်

လော်မီးနေသည်
ဓာတ်ပုံ - တင်ရွှေ / မဇ္ဈိမ

တန်ဆောင်မုန်းလ ရောက်ပြီဆိုတော့ ဘုံကထိန်ပွဲတော်တွေလည်း နွှဲပျော်ကြပြီပေါ့။ ဒီနှစ် ရန်ကုန်ဘုံကထိန်ကတော့ ဗိုလ်အောင်ဒင်ရယ် အမေနံကရိုင်းရယ် ပုန်းညက်ဖြူရယ် သုံးဦး ဖလှယ်စုပေါင်း ခင်းကျင်းကြတာပါခင်ဗျာ။

"ငါက ဗိုလ်အောင်ဒင် ..... နင်က ဒါကိုမမြင် .... ငါ့အသည်းကို ခလုတ်တိုက်သွားတယ်....."

"အမေရယ် ..... အမေရယ် ..... နံကရိုင်းမယ်တော်"

"ကျောင်းသူမလေး ပုန်းညက်ဖြူ ....."

တစ်ချိန်လုံး ဒီအသံတွေသာ မောင်မှန် ကြားနေရပါတယ်။ ကြားရတာမှ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာလုံးက ကြားနေရတာ။ အသံချဲ့စက်တွေ ကလည်းကြမ်း၊ အလှူခံချက်တွေကလည်း ကြမ်းပါ့။ စာဖြောင့်ဖြောင့်ရေးနိုင်အောင် မနည်း အားထုတ်ရပါတယ်။ အခြားလုပ်ငန်း လုပ်ကြသူတွေလည်း ဒီလိုပဲနေမှာ။ အတော်ကို အောင့်အီးသည်းခံကြရရှာမှာပါ။ နဂိုကတည်းကမှ လော်တွေရဲ့ နှိပ်စက်ချက်က ဂွမ်းနေတာ။ ကထိန်ဆိုတော့ ကမ်းကိုကုန်ရော။ ဒါတောင် ကထိန်အကြိုကာလ ပုဇွန်တောင်ဘက်မှာ ညနှစ်နာရီခွဲလောက်ကြီး အသံချဲ့စက် အကျယ်ကြီး ဖွင့်ပြီး ထီရောင်းတဲ့ ဆရာကို ထောင် ၁၅ ရက် ချထားသေးတယ်။ လော်စံနမူ ထင်ပါရဲ့။ မောင်မှန် စိတ်ထဲတော့ ၁၅ ရက်ကြီးများတောင် ထောင်ချတာ များတယ်ထင်ပါတယ်။ အာဏာပိုင်တွေရဲ့ ပထမအကြိမ် သတိပေးတားမြစ်မှုကို မနာခံတာကြောင့်လည်း ရက်များသွား တာလား မသိဘူး။ မောင်မှန်လည်း သိပ်မပြောရဲပါဘူး။ တော်ကြာ ၆၆(ဃ)လို ပုဒ်မမျိုး တစ်ခုခုနဲ့ လာငြိနေမှဖြင့် ခက်ရချည့်။ အခု ပုဒ်ထီး ပုဒ်မတွေက ဘာတွေမှန်း မသိဘူး။ မောင်မှန်က အိုးတိုးအတဆိုတော့ ပိုသတိထားရတယ်။ ထားပါတော့။

လော်ဥပဒေက ဟိုအရင်ကတည်းက ရှိပါတယ်။ မောင်မှန်တို့သာ သေချာမသိတာ။ သိတဲ့သူတွေက စစ်အုပ်စိုးမှု တစ်ခေတ်လုံးမှာ လိုသလို အသုံးပြုခဲ့ကြပြီးပါပြီ။ အခု အဲဒီဥပဒေက မျှမျှတတ ပြန်အသက်ဝင်လာမယ်ဆို ကောင်းပါရဲ့။ ရန်ကုန်တိုင်းဒေသကြီး အစိုး၇ကလည်း အမိန့်တွေ ထုတ်လာပါတယ်။ လော်မတရား အသုံးပြုမှုတွေအပြင် သဘာဝဘေး အကြောင်းပြ အတုအပအ အလှူခံတွေကိုပါ ဟန့်တားလိုက်တဲ့ သဘောမျိုး သက်ရောက်တဲ့အမိန့်ပါ။ ဒါတွေက မောင်မှန်တို့ နေရာတကာမှာလို တွေ့မြင်နေရတာ မဟုတ်လား။ ရေဘေးပြီးတော့ ငလျင်ဘေး အကြောင်းပြလို့ပေါ့။ ဗမာပြည်ကလည်း တစ်ဘေးပြီးတစ်ဘေး ကျရောက်နေတာ မဟုတ်လား။ (ကျန်နေသေးတဲ့ တစ်ဘေးတောင် ဟိုက မလာလို့ ကိုယ်က သွားရတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဆီ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် သွားတာကို ပြောတာပါ.)

လော်တွေဟာ အများအားဖြင့် အလှူခံနဲ့ တွဲကြတာပါ။ အလှူခံအတုကို လော်နဲ့တွဲထုကြတာ။ စားပေါက်ချောင်နေတာလည်း ကြာခဲ့ပါပြီ။ သူတို့အဖို့တော့ တကယ့်ကို   လော်မင်္ဂလာပါပဲ။   လော်မင်္ဂလာကနေ မြန်မြန် လော်မာလကီးယားကြပါစေဗျာ။ ဈေးဦးပေါက် လော်မာလကီးယားသွားတဲ့ ထီသည်အတွက်တော့ဖြင့် စိတ်မကောင်းပါဘူး။ ထောင်ထဲ ၁၅ ရက် မဆိုထားနဲ့၊ ၁၅ မိနစ်နေဖို့ကိုတောင် မောင်မှန် စိတ်ကူးကြည့်လို့ မရဘူး။ ကျောထဲက စိမ့်စိမ့်တက်လာတယ်။

ထောင်ကြောက်ကြောင်း ရေးရင်းနဲ့မှ အဲဒီထက် ပိုကြောက်စရာကောင်းတဲ့ အကြောင်းကို ရေးရပါဦးမယ်။ မင်းဘူးမြို့က မိန်းကလေးတစ်ယောက် တရားမဝင် စက်သုံးဆီ ရောင်းမှုနဲ့ သရက်အကျဉ်းထောင်မှာ ထောင်ခြောက်လ ကျပါတယ်။ ကိုယ်ဝန်ဆောင်ထားရတော့ ထောင်လွတ်ရက် မစေ့ခင် မီးဖွားရတယ်။ ထောင်ဆေးရုံမှာ အဆင်မပြေတော့ အပြင်ဆေးရုံထုတ်ပြီး မွေးရတယ်။ အပြင်ဆေးရုံမှာ မွေးလူနာကို လက်ထိပ်၊ ခြေကျဉ်းအပြည့်အစုံ ခက်ထားတဲ့ ပုံတွေဟာ အင်တာနက်မှာ ပျံ့နံှ့ခဲ့ပါတယ်။ သတင်းစာ ဂျာနယ်တွေမှာလည်း   မြင်မကောင်းအောင် ဖြစ်ခဲ့ပါတယ်။   ပြည်သူတွေလည်း အတော် စိတ်ဆင်းရဲကြရတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ မီးနေသည် မိန်းကလေး လက်ထိပ်၊ ခြေကျဉ်းပြုတ်သွားခဲ့ပါပြီ။ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနေမျိုးကျော်ရဲ့ မေတ္တာရပ်ခံပေးမှုကြောင့်ပါ။ (လူစိတ်ရှိတဲ့ ဝန်ကြီးနဲ့ ဒီသတင်းဓာတ်ပုံကို အင်တာနက်ပေါ်တင်၊ ဝိုင်းဝန်းမျှဝေပေးခဲ့ကြတဲ့ ပြည်သူများကို မောင်မှန်တို့ ကျေးဇူးတင်ကြရမှာပါ။) ဦးနေမျိုးကျော်က "အဲဒီပုံတွေနဲ့ ဖြစ်စဉ် Facebook ပေါ် တက်လာပြီးတော့ ကျနော့်ဆီကို ပြည်သူတွေက ဖုန်းတွေဆက်လာကြပါတယ်။ ဒါကြောင့် ည ၁၁ နာရီလောက်မှာ သရက်ခရိုင် ရဲမှူးဆီကို ဖုန်းနဲ့ ဆက်သွယ်ပြီး ဒီကိစ္စကြီးက လုံခြုံရေးအရ မှန်ပေမဲ့၊ လူမှုရေးအရ၊ လူ့အခွင့်အရေးအရ၊ ရှုထောင့်အရ မဖြစ်သင့်ကြောင်း ပြောခဲ့တော့ အားလုံး ဖြေပေးလိုက်ပြီလို့ အခုမနက်မှာ သိရပါတယ်" လို့ ပြောပါတယ်။

ဒီကိစ္စကို မောင်မှန် ဉာဏ်မီသလောက် စဉ်းစားကြည့်တယ်။ ကိုယ်ဝန်သည်မိန်းမတစ်ယောက် မီးဖွားပြီးစ ကလေးအမေတစ်ယောက်ဟာ ထွက်ပြေးဖို့ နေနေသာသာ ခြေတစ်လှမ်းနဲ့တစ်လှမ်းတောင် မနည်းလှမ်းရရှာတာပါ။ သို့သော်လည်းပေ့ါလေ ဥပဒေက ရှိနေသေးတာကိုး။ မောင်မှန်တို့ တိုင်းပြည်မှာက ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးကိုး။ ဒီတော့ ဥပဒေအတိုင်းပဲ ဆောင်ရွက်ရတာပေါ့။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သရက်ခရိုင် ရဲမှူးက "ကျနော်တို့ အဆင်ပြေအောင် အခု လုပ်ပေးထားပါတယ်။ လက်ထိပ်တု့ိ ခြေကျဉ်းတို့ ခတ်ရတယ်ဆိုတာလည်း သူက အကျဉ်းသူလေ၊ အကျဉ်းဦးစီးကနေ တစ်ဆင့် မီးဖွားဖို့ သရက်ဆေးရုံကို လွှတ်လိုက်တယ်၊ ကျနော်တို့ ရဲတပ်ဖွဲ့က လုံခြုံရေး ယူပေးရတာ။ ထုံးစံအတိုင်းကတော့ ကျနော်တို့က လုံခြုံရေးအရ လုပ်ရတာပါ"လို့ ပြောပါတယ်။ (တရားဝင် တာဝန်ခံပြီး လက်ထိပ် ခြေကျဥ်းဖြုတ်ပေးခဲ့တဲ့ သရက်ခရိုင် ရဲမှူးကိုလည်း ကျေးဇူးတင်ရမှာပါပဲ)။

မောင်မှန် အစ်ကိုတစ်ယောက်က စစ်ခေတ်မှာ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးပါတယ်။ သူပြောပြဖူးတာကတော့ သူထောင်ထဲမှာနေစဉ်က ညနေတိုင်း ထောင်ရှေ့က တင်းနစ်ကွင်းမှာ ထောင်ပိုင်နဲ့ တင်းနစ်အတူရိုက်၊ ဟိုဟိုဒီဒီ သွားလာလည်ပတ်ပြီး ညကျမှ ထောင်ထဲ ပြန်ဝင်အိပ်တဲ့ အကျဉ်းသားကို သူ တွေ့ဖူးပါသတဲ့။ ထောင်ထဲကနေ ဘာရောဂါမှာ မရှိပဲ အကြံအဖန်လုပ်ပြီး အပြင်ဆေးရုံ ရအောင်ထွက်၊ အပြင်ဆေးရုံရောက်တော့ ဘာလက်ထိပ် ဘာခြေကျဉ်းမှ မပါဘဲ မြို့ထဲ လျှောက်လည် အိမ်ပြန်၊ ညမှ ဆေးရုံပြန်လာတဲ့ အကျဉ်းသားကိုလည်း သူ မြင်ဖူးပါသတဲ့။ (အဲဒီပုဂ္ဂိုလ်တွေဟာ နိုင်/ကျဉ်းတွေတော့ မဟုတ်ပါဘူး။)

ဟိုတုန်းကတည်းကတော့ ဥပဒေက ရှိမှာပါ။ ပြောင်းလဲချိန် မတန်သေးတော့ မတန်သေးသလိုနေတာ ဖြစ်မှာပေ့ါ။ ခုတော့ ပြောင်းလဲချိန်တန်သွားပြီ၊ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး။ ဆောရီးပဲ။ မင်းဘူးမြို့နယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ဥပဒေ ပညာရှင်လည်းဖြစ်တဲ့ ဦးတင်အောင်ထွန်းရဲ့ အပြောနဲ့ပဲ ဒီစာစုကို နိဂုံးချုပ်လိုက်ပါရစေ။

ဦးတင်အောင်ထွန်းက "ရဲနဲ့ အကျဉ်းဦးစီးဘက်ကတော့ ဒါဟာ လုံခြုံရေးအရ လုပ်တာလို့တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလို သွေးနုသားနုနဲ့ အကျဉ်းသူတစ်ယောက်ကို လက်ထိပ်တင်မကပဲ သံကွင်းကြိုးကြီးနဲ့ ချည်ပြီးတော့ သော့ကြီးခတ်ထားတာကျ လူ့အခွင့်အရေးအရ လုံးဝ မဖြစ်သင့်ပါဘူး။ ကျနော်တို့နိုင်ငံရဲ့ လူ့အခွင့်အရေး ပုံရိပ်ကိုပါ ထိခိုက်ပါတယ်။ ဒီလိုလုပ်တာဟာ လက်ရှိအစိုးရနဲ့ လွှတ်တော်တွေရဲ့ ပုံရိပ်ကိုပါ ပြည်သူတွေက တစ်မျိုးမြင်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သလားလို့တောင် သံသယ ရှိပါတယ်" တဲ့ခင်ဗျာ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly