အာရှအင်အားကြီးနိုင်ငံများကြောင့် အမေရိကန်တွင် အလုပ်အကိုင် ဆုံးရှုံးမှုများဖြစ်နေဟု ဒေါ်နယ်ထရန့် ပြော

အာရှအင်အားကြီးနိုင်ငံများကြောင့် အမေရိကန်တွင် အလုပ်အကိုင် ဆုံးရှုံးမှုများဖြစ်နေဟု ဒေါ်နယ်ထရန့် ပြော

ဝါရှင်တန်ဒီစီ၊ နိုဝင်ဘာ  ၈ ။          ။ တရုတ်၊အိန္ဒိယနှင့်စင်ကာပူကဲ့သို့ အာရှတိုက်နိုင်ငံများကြောင့် အမေရိကန်နိုင်ငံတွင် အလုပ်အကိုင် ဆုံးရှုံးမှုများဖြစ်နေကြောာင်း  ရီပတ်ပလစ်ကင်သမ္မတလောင်း   ဒေါ်နယ်ထရန့်က  ပြောကြားလိုက်သည်။

အမေရိကန်သည် ကမ္ဘာ့သမိုင်းတွင် အလုပ်အကိုင်ခိုးယူခံရမှု အကြီးဆုံးပြဿနာနှင့် ရင်ဆိုင်နေရပြီး တရုတ်နိုင်ငံ  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းသို့ ဝင်ရောက်ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံအနေဖြင့် စက်ရုံပေါင်း ၇၀၀၀၀ ခန့်ကို လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း နိုဝင်ဘာ ၆ ရက်က ဖလော်ရီဒါတွင်  ပြုလုပ်ခဲ့သည့် မဲ ဆွယ်စည်းရုံးမှုတစ်ခုတွင် ထရန့်က ပြောကြားခဲ့သည်။

“Goodrich Lighting Systems ကုမ္ပဏီက ဝန်ထမ်း ၂၅၅ ဦး ဖြုတ်လိုက်ပြီး အိန္ဒိယမှာ သွားလုပ်ပါတယ်။ Baxter Health Care ကလည်း ဝန်ထမ်း ၁၉၉ ဦးကို ဖြုတ်ပြီး စင်ကာပူမှာ သွားလုပ်ပါတယ်။ အခြေအနေက ဆိုးသထက် ဆိုးလာပါပြီ” ဟု ထရန့်က ပြောကြားသည်။

သမ္မတဟောင်း ဘီလ်ကလင်တန် လက်ထက်က ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် (NAFTA) ကြောင့် ဖလော်ရီဒါပြည်နယ်မှ ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းလေးခုတွင် တစ်ခု ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ပြောကြားသည်။

“ကုမ္ပဏီတစ်ခုခုက အလုပ်သမားတွေကို ဖြုတ်ပစ်ပြီး ဖလော်ရီဒါကနေ အခြားနိုင်ငံ တစ်ခုမှာ သွားလုပ်မယ်၊ ပြီးတော့မှာ သူတို့ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲကို ပြန်သွင်းမယ်ဆိုရင် အခွန် ၃၅ ရာခိုင်နှုန်း ကောက်ယူသွားပါမယ်” ထရန့်က ပြောသည်။

ပစိဖိတ်ဒေသတွင်း ကုန်သွယ်ဖက်နိုင်ငံများအဖွဲ့ (TPP) သည်လည်း အမေရိကန်နိုင်ငံသားများ အလုပ်အကိုင် ဆုံးရှုံးမှု ဖြစ်စေနိုင်သောကြောင့် ယင်းအဖွဲ့အား ဆက်လက်မဆောင်ရွက်ဟု ထရန့်ကပြောသည်။

TPP သည် ရွှေရောင်အခွင့်အလမ်းတစ်ရပ်ဖြစ်သည်ဟု ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်က ပြောကြားခဲ့ခြင်း ထရန့်က “အခြားနိုင်ငံတွေအတွက်တော့  ရွှေရောင်အခွင့်အလမ်းတစ်ရပ်   ဖြစ်နိုင်ပေမယ့် အမေရိကန်အတွက်တော့ မဟုတ်ပါဘူး” ဟု ပြောကြားသည်။

“အမေရိကန်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်ရဖို့ စီးပွားရေးလုပ်ငန်းတွေအပေါ် အခွန် ၃၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးသွားပါမယ်။ ကုမ္ပဏီတွေ ဒီနိုင်ငံထဲကနေ ထွက်ခွာသွားရခြင်း အကြောင်းရင်းတွေထဲမှာ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ အခွန်အများဆုံး ကောက်ယူတဲ့နိုင်ငံဖြစ်နေလို့ပါ။ အလယ်အလတ်အလွှာတွေအတွက်လည်း အခွန်ငွေတွေ အများကြီး   ဖြတ်တောက်ပေးသွားပါမယ်” ဟု ထရန့်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly