မောင်တောတွင် ပညာရေးဝန်ထမ်း အဆောင်များ မီးရှို့ခံရ

မောင်တောတွင် ပညာရေးဝန်ထမ်း အဆောင်များ မီးရှို့ခံရ

စစ်တွေ၊ နိုဝင်ဘာ ၈ ။           ။  ရခိုင်နယ်စပ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ မြင်းလွတ်မြို့ရှိ နယ်ခြားစောင့် ရဲကင်းစခန်းအား နိုဝင်ဘာ ၃ ရက်နေ့က မီးရှို့ခံလိုက်ရသည့်အတွက် ဒေသခံများအား စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်း တွင် ပညာရေးဝန်ထမ်းများနေထိုင်သည့် အဆောင်နှစ်ဆောင် ထပ်မံ မီးရှို့ခံခဲ့ရသည်။

မီးရှို့ခံခဲ့ရသည့် အဆောင်များမှာ မြင်းလွတ်မြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် တာဝန်ကျနေသည့် ဆရာ /ဆရာမများ နေထိုင်သော လိုင်းတန်းများဖြစ်သည်။

“မြင်းလွှတ်မှာ ပညာရေး ဝန်ထမ်းတွေနေတဲ့အဆောင်တွေ မီးရှို့ခံလိုက်ရတာမှန်ပါတယ်။ မနေ့က ညနေ ၆ နာရီ ၂၀ လောက်မှာ ဖြစ်တာပါ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အခုစစ်ဆေးဖော်ထုတ်မှုတွေ လုပ်နေပါတယ်။ ၃ ရက်နေ့က မီးရှို့ ခံလိုက်ရတဲ့ ရဲကင်းစခန်းကိစ္စကိုလဲ စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်။ တရားခံတော့ မတွေ့ရှိသေးပါဘူး။ အဲဒီနယ်မြေက နယ်ခြားစောင့်ရဲတပ်က ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပါတယ်။ တပ်မတော်နဲ့ ရဲနဲ့ပူးပေါင်းပြီးတော့ မီးရှို့တဲ့ တရားခံတွေကို ဖော်ထုတ်နိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်နေကြပါတယ်”ဟု မောင်တောမြို့မ ရဲစခန်းမှူးဒုရဲမှူး ကျော်အေးလှိုင် က ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် လေးခန်းတွဲတစ်ဆောင်နှင့် နှစ်ခန်းတွဲ တစ်ဆောင် ဆုံးရှုံးခဲ့ရပြီး ယင်းအဆောင်များမှာ မြင်းလွတ်မြို့၏ လူနေအိမ်များနှင့် နီးရာတွင်တည်ရှိသည့် အဆောက်အဦးများ ဖြစ်သည်။

နိုဝင်ဘာ ၃ ရက်နေ့က မီးရှို့ခံလိုက်ရသည့် နယ်ခြားစောင့် ရဲကင်းစခန်းမှာ မြင်းလွတ်မြို့သို့အဝင် ရွာသစ်ကျေးရွာ၏ အပြင်ဘက်နေရာတွင် တည်ရှိပြီး ယာယီရုပ်သိမ်းထားသည့် စခန်းတစ်ခုလည်း   ဖြစ်ကာ ယခု မီးရှို့ခံလိုက်ရသည့် ပညာရေး ဝန်ထမ်းများနေထိုင်သည့် အဆောင်နှင့် နှစ်ဖာလုံကျော်ခန့်ကွာဝေးပြီး မောင်တောမြို့နှင့် အနည်းဆုံး ၁၂ မိုင် ခန့်ကွာဝေးသည်။

မြင်းလွတ်အထကခွဲအား အောက်တိုဘာ ၉ ရက်နေ့ အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောင်းပိတ်ထားခဲ့ရာ မီးရှို့ ခံခဲ့ရသည့် လိုင်းတန်းများတွင် နေထိုင်သည့် ဝန်ထမ်းများ မရှိကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်အား မေးမြန်းခဲ့ရာ မိမိမှာ အလုပ်များနေသည့် အတွက် မေးမြန်းမှုများကို ပြန်လည်မဖြေကြားနိုင်ကြောင်း ပြောကြားခဲ့သည်။

မြင်းလွတ်မြို့မှာ မောင်တောမြို့ သုံးမိုင်မှ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်သို့သွားသည့် လမ်းတွင်တည်ရှိပြီး အောက်တိုဘာ ၉ ရက်နေ့ ဖြစ်စဉ်နောက်ပိုင်းတွင် နယ်ခြားရဲစခန်းနှင့် ဝန်းထမ်းဆောင်များအား ပထမဆုံး မီးရှို့ခံရခြင်း ဖြစ်သည်။

မြင်းလွတ် အထကခွဲတွင် ကျောင်းသား ၂၀၀၀ ဝန်းကျင်ခန့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly