၂၀၁၅-၁၆ လာလီဂါတစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို စီရော်နယ်ဒို ရရှိ

၂၀၁၅-၁၆ လာလီဂါတစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို စီရော်နယ်ဒို ရရှိ

နိုဝင်ဘာ ၈၊ စပိန် ။                ။ မာကာသတင်းစာက ပေးအပ်သည့် လာလီဂါတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု (ဒီစတီဖာနို)ဆုကို ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက ရရှိသွားခဲ့သည်။ ရီးယဲလ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုခဲ့သည့်နေ့တွင်ပင် စီရော်နယ်ဒိုသည် လာလီဂါအကောင်းဆုံးဆုကို လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

စီရော်နယ်ဒိုသည် ၂၀၁၅-၁၆ ရာသီတွင် လာလီဂါ၌ သွင်းဂိုး ၃၅ ဂိုး၊ ချန်ပီယံလိဂ်တွင် သွင်းဂိုး ၁၆ ဂိုးသွင်းယူပေးခဲ့ပြီး ရီးယဲလ်အတွက် ၁၁ ကြိမ်မြောက်ချန်ပီယံလိဂ်ဖလား ရရှိအောင်စွမ်းဆောင်ပေးခဲ့သည်။ ယူရို ၂၀၁၆ ပြိုင်ပွဲတွင်လည်း ပေါ်တူဂီအသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ဆုရရှိခဲ့ခြင်း ဖြစ်သည်။

ဆုရရှိပြီးနောက်တွင် စီရော်နယ်ဒိုက ‘၂၀၁၅-၁၆ ရာသီမှာ ချန်ပီယံလိဂ်ဖလားနဲ့ ယူရိုဖလားတို့ကိုရရှိခဲ့ပြီး အရမ်းကို စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ အသင်းနဲ့စာချုပ်သစ်ချုပ်နိုင်ပြီး လာလီဂါအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့လို့ ဒီနေ့ကတော့ ကျွန်တော့်အတွက် ထူးခြားတဲ့နေ့တစ်နေ့ပါပဲ။ ပြောစရာစကားတောင်မရှိပါဘူး။ အရမ်းပျော်ပါတယ်။ ဒီအဖြစ်အပျက်တွေက ကျွန်တော့်ကို ပိုပြီးကြိုးစားချင်အောင် တွန်းအားပေးပါလိမ့်မယ်’ ဟု ပြောခဲ့သည်။

စီရော်နယ်ဒို၏ ရီးယဲလ်အသင်းဖော် တိုက်စစ်မှူး မိုရာတာမှာ ၂၀၁၅-၁၆ ခုနှစ်အတွက် စပိန်တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ပြီး ဘာစီလိုနာတိုက်စစ်မှူးဆွာရက်ဇ်မှာ သွင်းဂိုး ၄၀ ဖြင့် လာလီဂါ ဂိုးသွင်းအများဆုံးကစားသမားဆု(ပီချီချီ)ဆုကို ရရှိခဲ့သည်။

တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက ရရှိခဲ့ပြီး အကောင်းဆုံးဂိုးသမားဆု(ဇာမိုရာ)ဆုကို အက်သလက်ဂိုးသမား ဂျန်အော့လက်က ရရှိခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly