စစ်တွေက လက်နက်ခဲယမ်း သိုလှောင်တိုက် ပေါက်ကွဲမှု ဖြစ်ပွား

စစ်တွေက လက်နက်ခဲယမ်း သိုလှောင်တိုက် ပေါက်ကွဲမှု ဖြစ်ပွား
ဒကစ ဌာနချုပ်အား ကြက်ကိုင်းတန်ရွာမှ မြင်ကွင်း ( ဓာတ်ပုံ - မင်းမျိုးနွယ်/RiA)

စစ်တွေ၊ နိုဝင်ဘာ ၇ ရက် ။                 ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်အတွင်းရှိ လက်နက်ခဲယမ်း သိုလှောင်ရုံအတွင်းမှ လက်နက်ကြီးကျည်များ ပေါက်ကွဲမှုတရပ် ယနေ့ (နိုဝင်ဘာ ၇ရက်) နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲသံကို မိနစ် ၃၀ ခန့်ကြာမြင့်သည်အထိ ကြားခဲ့ရသည်။

ဖြစ်စဉ်မှာ ယနေ့ နေ့လည် ၁၂ နာရီခန့်လောက်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးကျည် အနည်းဆုံး အလုံးရေ ၃၀ ဝန်းကျင်ခန့်ပေါက်ကွဲခဲ့ကြောင်း စစ်ဘက်ဆိုင်ရာမှ သိရသည်။

“ဘာကြောင့် ပေါက်ကွဲမှုဖြစ်လဲတော့မသိရဘူး။ ကျွန်တော်တို့က ပေါက်ကွဲသံတွေကြားမှပဲ သိရတာပါ။ အစပိုင်းမှာတော့ ဘာဖြစ်မှန်းမသိဘူး။ ပေါက်ကွဲသံတွေ တစ်ချက်နှစ်ချက်လောက်ကြားရတော့ သိပ်သတိမထားမိဘူး။ နောက်ပိုင်း ဆက်တိုက်ကြားလာတော့မှပဲ လက်နက်တိုက်ပေါက်တယ်လို့ သိရတာပါ။ အချက် ၃၀ ကျော်လောက်တော့ရှိမယ် ထင်တယ်။ အသံကျယ်ကျယ်နဲ့ကွဲတာလဲရှိတယ်။ မကျယ်တာလဲရှိတယ်။”ဟု ယင်းနယ်မြေအတွင်း ဈေးဆိုင်ရောင်းနေသည့် ဈေးသည်တစ်ဦးက ပြောသည်။

ပေါက်ကွဲများဖြစ်ပွားနေချိန်တွင် ဌာနချုပ်ကို ဖြတ်သန်းထားသည့် စစ်တွေ-ရန်ကုန်အဝေးပြေးလမ်းကိုလည်း ခတ္တပိတ်ထားခဲ့ရပြီး ဌာနချုပ်အတွင်း အရေးပေါ်အသုံးပြုနေသည့် ရဟတ်ယာဉ်များကိုလဲ   ဘေးလွတ်ကင်းရာနေရာသို့ ယာယီပြောင်းရွှေ့ထားလိုက်ရကြောင်းနှင့် မီးသတ်တပ်ဖွဲ့ကိုလည်း လောလောဆယ်တွင် ဝင်ရောက်ခွင့်မပေးဘဲ အခြေအနေ ငြိမ်သက်သွားချိန်မှသာ   ပြန်လည်သွားလာခွင့်ပြုခဲ့သည်။

“အဲဒီအချိန်မှာ ကျွန်မက ကလေးကိုကျောင်းမှာ ထမင်းသွားပို့နေတာပါ။ ပေါက်ကွဲသံတွေဆက်တိုက်ကြားလာခဲ့ရတော့ ဘာလုပ်ရမှန်းမသိဘူး။ ဆရာ/မတွေလည်း စိုးရိမ်ပြီးတော့   ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေကြတယ်။ ကျွန်မလည်း ခြေထောက်တွေ အေးစက်သွားတယ်။ ကလေးတွေကလည်း ကြောက်ပြီးတော့ တစ်ကျောင်းလုံးငိုယိုလို့။ တစ်ခါမှ ဒီလိုဖြစ်တာကို မမြင်ဖူး၊ မကြားဖူးဆိုတော့ ကြောက်သွားတာပေါ့။”ဟု တပ်မတော် မိသားစုများ တက်ရောက်နေသည့် အထက ၆ မှ ကျောင်းသားမိခင် တစ်ဦးက ပြောသည်။

ဌာနချုပ်အနီးဝန်းကျင်တွင် အခြေခံပညာအထက်တန်းကျောင်း အမှတ် ၆ အပြင် ကြက်ကိုင်းတန်ကျေးရွာ၊ နာရီကန်ကျေးရွာ၊ ချောင်းတစ်ဖက်ကမ်းတွင် ဝါဘိုကျေးရွာနှင့် တခြားကျေးရွာများ ရှိနေကြောင်း သိရပြီး တပ်အနောက်ဘက် ကိုက် ၃၅၀ ခန့်အကွာတွင် ကြက်ကိုင်းတန်ကျေးရွာ တည်ရှိသည်။

“ကျွန်မက ဟင်းချက်နေတာပါ။ ပေါက်သံတော့ကြားတယ်။ ဘာဖြစ်မှန်းမသိဘူးပေါ့။ အသံကျယ်ကြီးတွေထွက်လာတော့ အိပ်ရှေ့ထွက်ကြည့်လိုက်မှ အဲဒီတောအုပ်ထဲကနေ မီးခိုတွေ အရောင်မျိုးစုံနဲ့ ထွက်နေတာကိုတွေ့ရတယ်။ တစ်ချက်ပေါက်လိုက်တိုင်း မီးခိုးတွေကမိုးပေါ်တက်လာတာပါ။ တစ်ချက်ချင်းပေါက်တာလဲရှိတယ်။ ဆက်တိုက်ပေါက်သံတွေကိုလည်း ကြားရပါတယ်။” ကြက်ကိုင်းတန်ကျေးရွာသူ ဒေါ်ဦးသန်းမြိုင်ကပြောသည်။

အဆိုပါကိစ္စနှင့်ပါတ်သက်ပြီး ဖြစ်စဉ်များအား လုံခြုံရေးယူထားသည့် တပ်မတော်သားများ၊ အရာရှိများအား မေးမြန်းစုံစမ်းခဲ့ရာ ဖြေကြားခွင့်မရှိကြောင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာနှင့်အနီးအနားတွင် မည်သူမျှနေခွင့်မရှိကြောင်း၊ အခြေအနေမှာ စိုးရိမ်ရသည့်အတွက် ဝင်ရောက်ခွင့်မပေးနိုင်ကြောင်းပြောကြားသည်။

ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ပေါက်ကွဲခဲ့သည့် ကျည်ခွံများအား အနီးတဝိုက်နေရာများတွင် တွေ့ခဲ့ရကြောင်း ဌာနချုပ် အနောက်ဘက်တောထဲတွင် နွားကျောင်းနေသူတစ်ဦးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly