အီးမေးလ်ကိစ္စတွင် ဟီလာရီကလင်တန်က ဥပဒေချိုးဖောက်ခြင်း မရှိကြောင်း FBI ပြော

အီးမေးလ်ကိစ္စတွင် ဟီလာရီကလင်တန်က ဥပဒေချိုးဖောက်ခြင်း မရှိကြောင်း FBI ပြော

နယူးယောက်၊ နိုဝင်ဘာ ၇ ။           ။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ နှစ်ရက်အလိုတွင် FBI က ဟီလာရီ၏ အီးမေးလ်များ စစ်ဆေးမှုတွင် ဥပဒေချိုးဖောက်ထားခြင်း မရှိကြောင်း ပြောလိုက်သည်။

ဟီလာရီ၏ အီးမေးလ်များ အသစ် ပြန်လည်စစ်ဆေးမှုတွင်လည်း ယခင် တွေ့ရှိချက်အတိုင်းပင်ဖြစ်ကြောင်း ကွန်ဂရက်တွင် FBI ညွန်ကြားရေးမှူး ဂျိမ်းကိုမေးက ပြောသည်။

ယခင် အီးမေးစစ်ဆေးမှုတွင် ဟီလာရီကလင်တန်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် အစိုးရအီးမေးလ်ဆာဗာကို အသုံးမပြုဘဲ ကိုယ်ပိုင်မေးလ်ဆာဗာကို သုံးခဲ့ခြင်းမှာ မဆင်မခြင်လုပ်ရပ်ဖြစ်သော်လည်း
ဥပဒေချိုးဖောက်ခြင်းတော့ မရှိခဲ့ကြောင်း ဇူလိုင်လအတွင်းက ဂျိမ်းကိုမေးက ပြောခဲ့သည်။

ပထမအကြိမ်စစ်ဆေးမှုသည် ဇူလိုင်လအတွင်းက ပြီးပြတ်ခဲ့သော်လည်း ပြီးခဲ့သည့်လက ဟီလာရီ၏ အီးမေးလ်များနှင့် ပတ်သက်ပြီး အသစ်တွေ့ရှိချက်များကြောင့် ပြန်လည်စစ်ဆေးခြင်းဖြစ်သည်။

ဟီလာရီကလင်တန်၏ လက်ထောက်ဖြစ်သူ အူမာအဘီဒင်း၏ ကွာရှင်းထားသော ခင်ပွန်းဖြစ်သူ ယခင်လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် အန်သိုနီဝိုင်နာအား သီးခြားစစ်ဆေးရာမှ ပတ်သက်မှု ရှိနေနိုင်သည်ဆိုကာ ဟီလာရီ၏ အီးမေးလ်အား ထပ်မံစစ်ဆေးလာခြင်းဖြစ်သည်။

အန်သိုနီဝိုင်နာသည် အသက်မပြည့်သော မိန်းကလေးတစ်ဦးထံ လိင်ပိုင်းဆိုင်ရာ နှိုးဆွမှုများ ပေးပို့ခြင်း ရှိမရှိ စစ်ဆေးရာတွင် အန်သိုနီနှင့် အူမာအဘီဒင်းတို့၏ ဖုန်း၊ ကွန်ပြူတာနှင့် အီးမေးလ်စသည်တို့ကို FBI က သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။

ထိုစစ်ဆေးမှုတွင် အူမာအဘီဒင်း၏ အီးမေးလ်များ၌ ဟီလာရီကလင်တန်၏ အီးမေးလ်ကိစ္စနှင့် ပတ်သက်မှုများ တွေ့ရှိ၍ FBI က ယခုကဲ့သို့ ထပ်မံစစ်ဆေးရန် လုပ်ဆောင်လာခြင်းဖြစ်ပြီး စစ်ဆေးတွေ့ရှိသည်မှာ ယခင်ကအတိုင်းပင် ဟီလာရီအနေဖြင့် ဥပဒေကို ချိုးဖောက်လုပ်ဆောင်ခြင်း မရှိကြောင်း FBI က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly