ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ဆုံးရှုံးမှုများအတွက် ကျောက်ဖြူဒေသခံများ ဆန္ဒဖော်ထုတ်

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ဆုံးရှုံးမှုများအတွက် ကျောက်ဖြူဒေသခံများ ဆန္ဒဖော်ထုတ်

နိုဝင်ဘာ ၆ ရက် ။               ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီ၏ ရွှေသဘာဝဓါတ်ငွ့စီမံကိန်းများထဲမှ လုပ်ငန်းစဉ်များကြောင့် ပျက်စီးသွားသည့် လယ်မြေများအား ပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက် တောင်းဆိုထားမှုအပေါ် လိုက်လျောခြင်း မရှိသည့်အတွက် တောင်သူများ၏ တောင်းဆိုချက်များ၊ ရပိုင်ခွင့်များကို အလေးထားဆောင်ရွက်ပေးရန် ယနေ့နေ့လည်ပိုင်းက ကျောက်ဖြူမြို့နယ် တောင်သူ ၁၀၀ကျော်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကျောက်ဖြူမြို့နယ်အတွင်းရှိ လိပ်ခမော်အုပ်စုနှင့် မလကျွန်းအုပ်စုအတွင်းမှ ဒေသခံများ လုပ်ကိုင်စားသောက်နေကြသည့် လယ်မြေ ၂၈ ဧကတို့မှာ CNPC ကုမ္ပဏီ၏ ဓါတ်ငွေ့သိုလှောင်ရုံများ၊ တွန်းစက်များ တည်ဆောက်ရန်အတွက် အနီးရှိတောင်ကုန်းများအား တူးဖြိုပစ်လိုက်သည့် အတွက် မြေများဖုံးလွှမ်းသွားသဖြင့် စိုက်ပျိုးလုပ်ကိုင်၍မရဘဲ ရှိနေခဲ့ရာ ခုနှစ်နှစ်ခန့် ရှိပြီဖြစ်ကြောင်း ယင်းလယ်များအား ပြန်လည်စိုက်ပျိုး လုပ်ကိုင်နိုင်ရန်အတွက် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း အလေးထားဆောင်ရွက်ပေးမှုမရှိသည့်အတွက် ယခုကဲ့သို့ ဆန္ဒပြ တောင်းဆိုရခြင်းဖြစ်ကြောင်း တောင်သူများက ပြောသည်။

“ကျွန်မတို့ ဒီနေ့ဆန္ဒပြရတာဟာ ၂၀၁၁ ခုနှစ်ကတည်းကနေ CNPC ကုမ္ပဏီရဲ့ လုပ်ငန်းတွေကြောင့် ပျက်စီးသွားတဲ့ လယ်မြေတွေမှာ ဖုံးလွှမ်းနေတဲ့ မြေစည်းတွေကို ပြန်ပြီးတော့ ဖယ်ရှားပေးဖို့တောင်းဆိုထားတာကို မလုပ်ပေးတဲ့အတွက် ပြရတာပါ။ ကုမ္ပဏီက အရင်နှစ်တွေမှာ အဲဒီ ပျက်စီးသွားတဲ့ လယ် ၂၈ ဧကအတွက် စိုက်ပျိုးလို့မရတော့ဘူး ဆိုပြီး သီးနှံလျော်ကြေးတွေ ပေးခဲ့ပါတယ်။ ကျွန်မတို့က လျော်ကြေး ပေးတာထက် လယ်ထဲမှာ ရှိနေတဲ့ မြေစည်းတွေကို ဖယ်ရှားပေးဖို့တောင်းဆိုတယ်။ လုပ်မပေးဘူး။ အခု သီးနှံလျော်ကြေးလည်း မပေးတော့ဘူး။ ဒါကြောင့် အခုလို ဆန္ဒပြတာပါ။”ဟု လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ကြည်ကြည်နှင်းက ပြောသည်။

ထိုသို့ တောင်ကုန်းများအား ဖြိုချပစ်လိုက်သည့်အတွက် ဒေသခံများ စိုက်ပျိုးလုပ်ကိုင်နေကြသည့် မိုးစပါး စိုက်ပျိုးလယ်မြေများပေါ်တွင် မြေသား အနည်းဆုံး နှစ်ပေမှ လေးပေအထိ ဖုံးလွှမ်းလျှက်ရှိနေကြောင်း၊ ယင်းမြေစည်းများကို ဖယ်ရှားပေးပြီးမှသာ မူလအတိုင်း စပါးစိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းနှင့် လက်ရှိတွင်လယ်မြေများမှာ ပျက်စီးလျှက်ရှိနေကြောင်း ဒေသခံတောင်သူများက ပြောသည်။

“ဒီမြေကိစ္စကို ဆောင်ရွက်ပေးပါလို့ တောင်းဆိုခဲ့တာကြာပါပြီ။ သူတို့လုပ်ပေးချင်ရင် လုပ်ပေးလို့ရတယ်။ ဓါတ်ငွေ့ကိုတောင် တရုတ်နိုင်ငံအထိ ယူသွားနိုင်တာပဲ။ အခုဟာက ကျွန်မတို့ မြေပိုင်ရှင်တွေကို လူလို တန်ဖိုးမထားတလို့ လုပ်မပေးတာလို့ပဲ မြင်ပါတယ်။ တရုတ် သံအမတ်ရောက်လာတုန်းကလည်း ဒါတွေကို လုပ်ပေးဖို့အတွက် ကျွန်မကိုယ်တိုင် တိုက်ရိုက်တောင်းဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်ကိုလဲ လူချင်းတွေ့ပြီးတော့ တောင်းဆိုတယ်။ စာပို့ပြီး တောင်းဆိုတာတွေရှိတယ်။ သူတို့မှာ ကုမ္ပဏီနဲ့ ဌာနဆိုင်ရာတွေ ပေါင်းပြီးဖွဲ့ထားတဲ့ အဖွဲ့တွေ ရှိတယ်လို့လည်း သိရတယ်။ ဘာမှလဲ လုပ်ပေးတာမရှိဘူး။”ဟု ကြည်ကြည်နှင်းက ပြောသည်။

ယနေ့ ဆန္ဒထုတ်ဖော်မှုကို ကံ့ကော်တာ ဘုရားတွင်လူစုပြီး CNPC ကုမ္ပဏီရှေ့သို့ လမ်းလျှောက်ချီတက်ကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly