အသက် ၅ နှစ်အရွယ် အမျိုးသမီးကလေးငယ် အဓမ္မပြုကျင့်ခံရ

အသက် ၅ နှစ်အရွယ် အမျိုးသမီးကလေးငယ် အဓမ္မပြုကျင့်ခံရ

နိုဝင်ဘာ ၆ ရက် ။             ။ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ အရှေ့ပိုင်းရပ်ကွက် အိုးအိမ်ဌာနမှ အဆောက်အဦများ ဆောက်လုပ်နေသည့် လုပ်ငန်းခွင်တွင် နိုဝင်ဘာ ၅ရက် ညနေ ၄ နာရီ ဝန်းကျင်က အသက် ၅ နှစ်အရွယ် အမျိုးသမီးကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရသည်။

“မနေ့ ညနေ ၄ နာရီလောက်မှာ ကလေး ပျောက်သွားခဲ့တယ်။ ကလေးကို မတွေ့လို့လိုက်ရှာတော့ ရပ်ကွက်ထဲက တစ်ယောက်က ကလေးငိုသံ ကြားခဲ့တယ်လို့ပြောပါတယ်။ အဲဒီနေရာကို သွားကြည့်လိုက်တော့ ကလေးကိုစောင်ပါးလေးနဲ့ခြုံပြီးတော့ ပစ်ထားခဲ့တာကို တွေ့ရတယ်။ ကလေးက ဘယ်အချိန်ကတည်းက ပစ်ထားခံခဲ့ရလဲ မသိဘူး။ ကျွန်မသွားတွေ့တဲ့ အချိန်မှာ လုံးဝအခြေအနေ မကောင်းတော့ဘူး။ ကလေးယူပြီးတော့ ဆေးရုံကိုသွားတယ်။ ဆေးရုံက မုဒိန်းကျင့်ခံရတယ်လို့ ပြောပါတယ်။”ဟု မိခင်ဖြစ်သူ ဒေါ်မသန်းရွှေကပြောသည်။

အဓမ္မပြုကျင့် ခံလိုက်ရသည့် ကလေးငယ်အား ရှာဖွေတွေ့ရှိချိန်တွင် ချိနဲ့နေပြီဖြစ်သည့်အတွက် ပေါက်တောဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အခြေအနေ စိုးရိမ်ရသည့်အတွက် ပေါက်တောမှ တစ်ဆင့် စစ်တွေဆေးရုံကြီးသို့ လွှဲပြောင်းပေးလိုက်ကြောင်း၊ အပြုကျင့်ခံထားရသည့် အတွက် ကုသမှုများကို စစ်တွေဆေးရုံတွင်သာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

“အခင်းဖြစ်တာ ဘယ်အချိန်ကနေ ဖြစ်နေတယ်ဆိုတာတော့ မသိရသေးဘူး။ ဆေးရုံကို ရောက်တဲ့အခါမှ ကျွန်တော်တို့ကို သတင်းပေးလို့ သိရတာပါ။ ဖြစ်တာကိုလဲ ဘယ်သူမှ မသိလိုက်ဘူး။ ကလေးကိုလည်း သူ့အမေလိုက်ရှာလို့ တွေ့တော့မှပဲ သိခဲ့ရတာပါ။ အခင်းဖြစ်တဲ့နေရာနဲ့ အနီးဝန်းကျင်က မသင်္ကာတဲ့လူ ၁၀ ဦးတော့ လောလောဆယ်ခေါ်ပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ တရားခံအမှန်တော့ မပေါ်သေးပါဘူး။”ဟု ပေါက်တောမြို့မရဲစခန်းမှ တစ်ဆင့်သိရသည်။

ယခုကဲ့သို့ သက်ငယ်မုဒိန်းမှုဖြစ်ပွားခြင်းမှာ ရခိုင်ပြည်နယ်အတွင်း မကြာခဏ ဖြစ်ပွားလေ့ရှိနေပြီး ပြီးခဲ့သည့်နှစ်က စစ်တွေမြို့ပေါ်တွင် တစ်မှုနှင့် ယခုနှစ်အတွင်း စစ်တွေမြို့တွင် တစ်မှု၊ ပေါက်တောမြို့တွင် တစ်မှုဖြစ်ပွားခဲ့ကြောင်း သိရကာ တခြားသော အဓမ္မပြုကျင့်ရန်ကြံစည်ခဲ့သည့် အမှုများလည်း အများအပြားရှိနေသေးကြောင်း မှုခင်းဖြစ်စဉ်မှတ်တမ်းများအရ စုံစမ်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly