ပြိုင်ဘက်များထက် ကိုယ့်အသင်းကိုယ်သာ ဂရုစိုက်မည်ဟု ချယ်လ်ဆီးနည်းပြ ကွန်တီပြော

ပြိုင်ဘက်များထက် ကိုယ့်အသင်းကိုယ်သာ ဂရုစိုက်မည်ဟု ချယ်လ်ဆီးနည်းပြ ကွန်တီပြော

နိုဝင်ဘာ ၆၊ အင်္ဂလန် ။              ။ အဲဗာတန်အသင်းကို ၅-၀ ဂိုးဖြင့် အနိုင်ရပြီးနောက်တွင် ချယ်လ်ဆီးအသင်းနည်းပြကွန်တီက ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ဘက်များထက် မိမိအသင်းကိုသာ စိတ်ဝင်စားကြောင်း ပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်တွင် ငါးပွဲဆက်တိုက်အနိုင်ရခြင်းဖြစ်ပြီး ထိုငါးပွဲစလုံးတွင် ပေးဂိုးလုံးဝမရှိခဲ့ပေ။ ထို့ကြောင့် မန်ယူကစားသမားဟောင်း ပေါလ်စခိုးလ်အပါအဝင်   ဘောလုံးကျွမ်းကျင်သူများက ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားနိုင်သည်ဟု ပြောဆိုခဲ့ကြသည်။

အဲဗာတန်နှင့်ပွဲအပြီးတွင် ကွန်တီက ‘ချယ်လ်ဆီးအနေနဲ့ ပြိုင်ဘက်တွေကို သတိပေး သတင်းစကာပြောဆိုခြင်း မပြုလုပ်လိုပါဘူး။ အရေးကြီးတာက ကိုယ့်ကိုကိုယ်ပြန်ပြီး သတိပေးနေဖို့ပါ။ ကိုယ့်အလုပ်အကြောင်း ကိုယ်တွေးပြီး ကိုယ့်အသင်းကိုယ် အာရုံစိုက်ဖို့ပဲ လိုပါတယ်။ အခြားအသင်းတွေကို အာရုံစိုက်နေစရာ မလိုပါဘူး။

ကျွန်တော်တို့ အများကြီးတိုးတက်လိုပါတယ်။ ဒါကြောင့် အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားပါတယ်။ ဒါက မှန်ကန်တဲ့နည်းလမ်းလို့လည်း ထင်ပါတယ်။ ဒီနည်းလမ်းကို ကစားသမားတွေ အကြိမ်ကြိမ် မှတ်မိသိရှိနေဖို့ လိုပါတယ်’ ဟု ပြောဆိုခဲ့သည်။

ယခုအချိန်တွင် ချယ်လ်ဆီးအသင်းမှာ အမှတ်ပေးဇယားထိပ်ဆုံးရောက်ရှိသွားသော်လည်း တနင်္ဂနွေပွဲစဉ်များအပြီးတွင် အပြောင်းအလဲဖြစ်သွားနိုင်ကြောင်း ထိုကဲ့သို့ဖြစ်ခဲ့ပါကလည်း အရေးမကြီးကြောင်း ကွန်တီက ပြောခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly