လိပ်ကျွန်း သေဒဏ်ကျမြန်မာနှစ်ဦးအမှု ထိုင်းအစိုးရရှေ့နေဘက်မှ နိုဝင်ဘာ ၁၀ ရက် ဖြေရှင်းချက် မပေးနိုင်ပါက အယူခံအပေါ် တရားရုံးက ဆုံးဖြတ်ချက် ချတော့မည်

လိပ်ကျွန်း သေဒဏ်ကျမြန်မာနှစ်ဦးအမှု ထိုင်းအစိုးရရှေ့နေဘက်မှ နိုဝင်ဘာ ၁၀ ရက် ဖြေရှင်းချက် မပေးနိုင်ပါက အယူခံအပေါ် တရားရုံးက ဆုံးဖြတ်ချက် ချတော့မည်
Photo: EPA

ချင်းမိုင်၊ နိုဝင်ဘာ ၅ ။                 ။ ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုဖြင့် သေဒဏ်ကျခံနေရသူ မြန်မာနိုင်ငံသား နှစ်ဦး၏အမှု အယူခံအတွက် အစိုးရ ရှေ့နေများ ပြန်လည်ဖြေရှင်းခွင့်ကို နိုဝင်ဘာ ၁၀ရက်တွင် နောက်ဆုံးထားတင်ပြရမည်ဟု သိရသည်။

ပြီးခဲ့သည့် မေလက တရားခံ တစ်ဦး၏ အယူခံကို စာမျက်နှာပေါင်း ၁၉၈ မျက်နှာပါ အယူခံလွှာနှင့် မူလရုံးက စာမျက်နှာ ၃၀၀၀ ကျော်ပါသည့် အမှုတွဲကို ကြည့်ပြီး ပြန်လည် ဖြေရှင်းလျှောက်ချက်ပေးရန် ထိုင်းတရားရုံးက အမိန့်ချခဲ့သည်။

သို့သော် အစိုးရရှေ့နေဘက်က ၉ ကြိမ်တိုင် ရက်ချိန်းတောင်းသဖြင့် အယူခံ တရားရုံးအဖွဲ့က ရက်ချိန်းမပေးတော့ဘဲ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အပြီးသတ် ဖြေရှင်းရမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ   မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အန်ကယ်တို့တင်တဲ့ အယူခံကို တရားရုံးက အယူခံဖွဲ့ပြီးတော့ ဒီအပေါ်မှာ ပြန်လည် ဖြေရှင်းလျှောက်လဲချက်ပေးရန် လုပ်တယ်ဆိုပြီးတော့ ထိုင်းအစိုးရရှေ့နေ အောက်ရုံးက အမိန့်ချပေးခဲ့တာပါ။ အဲဒီလိုပေးခဲ့တာကို ရက်ချိန်း ထပ်ခါထပ်ခါ တောင်းပြီးတော့ အစိုးရရှေ့နေတွေဘက်က လျှောက်လွဲချက် တင်နိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီတော့ ၂၇ ရက် ၉ လ၊ ၂၀၁၆ မှာတော့ ၉ ကြိမ်တိုင်အောင် ရှိပေမဲ့လည်း နောက်ထပ် ရက်ချိန်းတောင်းတဲ့အခါမှာ အယူခံ တရားရုံးကနေ အစိုးရ ရှေ့နေတောင်းတဲ့ ရက်ချိန်းကို မပေးတော့ပါဘူး။ မပေးဘဲနဲ့ အခု ၁၀ ရက် ၁၁ လမှာ နောက်ဆုံး ဖြေရှင်းချက် မတင်ဘူးဆိုရင် အန်ကယ်တို့ တင်တဲ့ အယူခံနဲ့ တရားရုံးအမှုတွဲ အပေါ်မူတည်ပြီးတော့ တရားသူကြီးတွေက တခုခု ဆုံးဖြတ်ချက်ချလိမ့်မယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က ကော့စမွီ တရားရုံးတွင် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို သေဒဏ်ချမှတ်ခဲ့ပြီးနောက် တရားခံများ၏ ရှေ့နေများဘက်မှ အယူခံတင်ခဲ့ရာ ၂၀၁၆ ခုနှစ် မေလ ၂၃ ရက်က အယူခံလျှောက်လဲချက်ကို တရားရုံးက လက်ခံခဲ့သည်။

ယင်းအယူခံအပေါ် အစိုးရ ရှေ့နေဘက်မှ ပြန်လည် မချေပနိုင်ပါက မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် လင်းဇော်ဦးတို့သည် သေဒဏ်ချခံရာမှ ပြစ်ဒဏ် လျော့နိုင်သလို လွှတ်မြောက်နိုင်ဖွယ်ရှိသည်ဟု သူက ပြောသည်။

“အခုဒါနဲ့ပတ်သက်လို့ အစိုးရရှေ့နေဘက်က တိကျတဲ့အဖြေမပေးနိုင်ဘူးဆိုရင် ဒီအတိုင်းဖြစ်ရင်လည်း ဖြစ်မယ်။ ဒါပေမဲ့ အပြောင်းအလဲ ဖြစ်သွားနိုင်တယ်။ လျော့ရင်လျော့၊ မလျော့ရင် လွှတ်မယ်”ဟု သူက ပြောသည်။

အစိုးရ ရှေ့နေများဘက်မှ အယူခံအပေါ် ပြန်လည် ချေပပါက လာမည့် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် အမိန့်ချနိုင်မည်ဖြစ်ပြီး မချေပနိုင်ပါက စောစီးစွာ အမိန့်ချနိုင်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ်အရွယ် ဒေဗစ်မေလနှင့် အသက် ၂၃ နှစ်အရွယ် ဟန်နား ဝစ်သာရစ်ချ်တို့ အသတ်ခံရမှုဖြင့် လိပ်ကျွန်းတွင် အလုပ်လုပ်ကိုင်နေသော ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို တရားစွဲ၍ သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly